သမီးကို ရှုတင်လိုက်ပို့ဦးမယ်။
Sabal Thwin

ခင်လှိုင်က ရိုက်ကူးရေးတွေ အားနေလို့ ကိတ်မုန့်ဖုတ်တဲ့ သင်တန်းတက်ပြီး ကိတ်မုန့်ရောင်းမယ်လို့ ဟာသနှောပြီး ပြောပြလာပါတယ်။

photo: Khin Hlaing

ခင်လှိုင်ကတော့ လက်ရှိမှာ ရိုက်ကူးရေး ခဏ နားထားတယ်လို့ သိရပါတယ်။ ဒီလို နားနေတဲ့အချိန်မှာ မုန့်လုပ်သင်တန်း တစ်ခုခု တက်ဦးမယ်လို့ ဆိုပါတယ်။ ဒါကတော့ ကိတ်မုန့်ဖုတ် သင်တန်းတက်မယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’အကြောင်းကြောင်းတွေကြောင့် တစ်လလောက် ငုတ်တုတ်ထိုင်ရမယ့် သဘောဖြစ်သွားတယ်။ မတတ်နိုင်ဘူးလေ။ အများနဲ့ဖြစ်တာဆိုတော့ ကိုယ်တစ်ယောက်တည်းလည်းမဟုတ်ဘူး။ ဒီလိုပဲပေါ့။ တခြား Actor တွေ မရတဲ့အချိန်မှာ တစ်လလောက် ငုတ်တုတ်ထိုင်ရမှာပဲ။ အားနေတဲ့အချိန်မှာ ကိတ်မုန့်ဖုတ်တဲ့သင်တန်းတက်ပြီးတော့ အိမ်မှာ ကိတ်မုန့်ဖုတ်မယ်။ သမီးကို ရှုတင်ပို့မယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

photo: Khin Hlaing

ခင်လှိုင်က ငယ်ငယ်တုန်းက စမ်းချောင်းမှာ မိခင်ဖြစ်သူနဲ့အတူ မြန်မာမုန့်လေးတွေ လုပ်ရောင်းရင်း အသက်မွေးဝမ်းကျောင်းပြုခဲ့ဖူးတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ ဒါကြောင့် ကိတ်မုန့်ဖုတ်နည်းကိုလည်း စိတ်ဝင်စားတယ်လို့ သူကဆိုပါတယ်။

‘’ကျန်တဲ့မုန့် တော်တော်များများလုပ်တတ်တယ်။ ဘို မုန့်တွေထဲက ကိတ်မုန့်တော့ မဖုတ်တတ်သေးဘူးလေ။ သင်တန်းကိုလည်း သမီးလေးက သူစုံစမ်းပေးမယ်ဆိုတာနဲ့ ၃ ရက်သင်တန်းပေါ့နော်။ အဲဒါ သွားတတ်မယ်။ ပြီးရင် အိမ်မှာ မုန့်ဖုတ်ပြီးတော့ အွန်လိုင်းက ရောင်းမလို့။ အလကားပြောတာပါ။ မုန့်လုပ်ကြည့်ဦးမယ် ကောင်းလား မကောင်းလား မသိသေးပဲ နာမည်က ပျက်နေဦးမယ်’’ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပြန်ပါတယ်။

photo: Khin Hlaing

ခင်လှိုင်က သရုပ်ဆောင်အလုပ်မှာလည်း ထူးချွန်သလို အချက်အပြုတ်ကိုလည်း ဝါသနာကြီးလွန်းသူ တစ်ယောက်ပါ။ ဒါကြောင့် အခုဆိုရင်လည်း ရိုက်ကူးရေးနားတဲ့ရက်တွေမှာ မိသားစုနဲ့ အတူတူ မုန့်တွေ လုပ်စားဖြစ်တယ်လို့ဆိုပါတယ်။

‘’ဟင်းချက်တာလည်း ဝါသနာပါတယ်။ မုန့်မျိုးစုံ လုပ်တယ်။ ဒါမှ မဟုတ်လည်း အားရင် အိမ်မှာ မုန့်မျိုးစုံ လုပ်စားနေတာပဲ။ မြန်မာမုန့်တွေ တော်တော်များများလုပ်တတ်တယ်။ ဘိုစာတွေပဲ သိပ်မလုပ်တတ်တော့ သင်ချင်တယ်။ ကိတ်မုန့်လုပ်တာကလည်း အနုပညာဆန်တယ်လေ။ ကိတ်မုန့်ကို ပုံဖော်နေရတာကိုက ဝါသနာပါတာ’’ လို့ သူကဆိုပါတယ်။

photo: Khin Hlaing

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က