အခက်အခဲတွေကတော့ အများကြီး ရင်ဆိုင်ရတာပေါ့။

မေပန်းချီဟာ ရိုက်ကူးရေးတွေ နည်းပါးလာတဲ့အချိန်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်း ရင်ဖွင့်စကားဆိုလာပါတယ်။ ပရိသတ်အားပေးမှု နည်းသွားတဲ့အပေါ်မှာလည်း သူမရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြေခဲ့ပါတယ်။

Photo: May Pan che

သရုပ်ဆောင် မေပန်းချီကိုတော့ ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေကနေတဆင့် အားပေးခဲ့ကြတာပါ။ လက်ရှိမှာ ဗီဒီယိုဈေးကွက် ကျဆင်းလာတာကြောင့် သူမကိုယ်တိုင်ကလည်း ရိုက်ကူးရေးတွေ သိပ်မရှိတော့တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို Duwun Media ကနေ ပြောပြလာပါတယ်။

‘’အစ်မတို့မှာက အခက်အခဲတွေလည်း အများကြီးရှိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အောင်မြင်တဲ့လူလည်း မဟုတ်ဘူး၊ ပရိသတ်ကို လက်ခံအောင်လို့ ကြိုးစားခဲ့ရတာကလည်း အိုက်တင်တွေနဲ့ပဲ ကြိုးစားခဲ့ရတာဆိုတော့ အသိအမှတ်ပြုထားကြတာပဲ ရှိတာပေါ့နော်။ အခုနောက်ပိုင်းမှာ အနုပညာနဲ့ ပတ်သက်ပြီး အဆက်ပြတ်တယ်ပေါ့နော်။ Facebook ကြောင့်သာ လူတွေသိနေ၊ ပရိသတ်တွေနဲ့ ထိတွေ့နေရတာ တစ်ကယ်တော့ Facebook ကြီးရှိတာ မကောင်းဘူး။ Facebook မှာက အမြဲတမ်းမြင်တွေ့နေရတာဆိုတော့ အခုပြဿနာက ဘာဖြစ်လဲဆိုတော့ အပြင်ပရိသတ်တွေက အစ်မတို့ကို အထင်မကြီးဘူး’’ လို့ သူကဆိုပါတယ်။

Photo: May Pan che

လူမှုကွန်ယက်စာမျက်နှာ အသုံးပြုတဲ့ ပရိသတ်တွေများလာတာဖြစ်တဲ့အတွက် တကယ်အားပေးကြတဲ့ ပရိသတ်တွေလည်း လျော့နည်းလာတယ်လို့ မေပန်းချီက ဆိုပါတယ်။ ခေတ်ကာလ ပြောင်းလဲလာတာကြောင့်လည်းပါတယ်လို့ ပြောပါတယ်။

‘’အရင်တုန်းကဆို အခွေငှားကြည့်မှမြင်ရတာ၊ နယ်ကိုဆင်းမှ မြင်ရတာမျိုး မဟုတ်တော့ဘူး။ အနယ်နယ်အရပ်ရပ်က လူတွေက Facebook သုံးလာကြပြီဆိုတော့ အရင်တုန်းက သူတို့ အနုပညာသမားတွေကို အားပေးတာ ၁၀၀ ရာခိုင်နှုန်းရှိတယ်။ အခုကျတော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အဲဒီလို အားပေးမှုနည်းသွားတာကြောင့်လည်း အစ်မတို့တွေ ဇာတ်ကားရိုက် နည်းသွားတာ၊ အလုပ်တွေ ပါးသွားတာ ဖြစ်တဲ့အတွက် တော်တော်လေးတော့ အခြေအနေ ယိမ်းယိုင်တယ်ပေါ့နော်’’ လို့ဆိုပါတယ်။

Photo: May Pan che

မေပန်းချီက လက်ရှိပိုင်ဆိုင်ထားတဲ့ ပရိသတ်တွေအတွက် အမှားအယွင်းမလုပ်မိအောင် နေထိုင်သွားမယ်လို့ ဆိုပါတယ်။

‘’ပရိသတ်တွေက အမှားအယွင်းမခံတော့ဘူး။ အမှားတွေ အရမ်းလုပ်ပြီးတော့ ပရဟိတလုပ်လိုက်ရင် ပြန်လက်ခံလာတဲ့ ပရိသတ်တွေရှိသလို၊ ဘာပဲလုပ်ပြ လုပ်ပြ ကိုယ်အမှားလုပ်ထားပြီးသွားလို့ရှိရင် အဲ့ဒီအမှားကို ဖုံးဖို့ ပရဟိတလုပ်လည်း လက်မခံတော့တဲ့ပရိသတ်တွေရှိတယ်။ ၂ မျိုးပေါ့နော်။ အဲဒါကြောင့် ကိုယ်တိုင်လည်း အမှားနည်းအောင်နေတယ်။ မျက်မုန်းမကျိုးအောင်၊ ချစ်အောင်ခင်အောင်နေတာပေါ့နော်။ ဒါပေမယ့် ပရိသတ်အားပေးမှုကတော့ နည်းသေးတာပေါ့နော်’’ လို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။

Photo: May Pan che

မေပန်းချီဟာ အခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းမှာသာမက ပွဲတွေ တော်တော်များများမှာ သီချင်းဆိုုဖြစ်နေတာလည်း တွေ့ရပါတယ်။ အဲ့ဒီ နောက် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မကြာခဏ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေး ဖြစ်တဲ့ Kate Amazing Jean Shop ဆိုတဲ့ Fashion ဆိုင်လေးကိုပါ ဦးစီးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

သူ့ အနေနဲ့ သရုပ်ဆောင်အလုပ်သာမက ဂီတအပိုင်းကိုလည်း ခြေလှမ်း စတင်ချင်တာကြောင့် ကိုယ်ပိုင်သီချင်းလေးတွေ လုပ်ထားတယ်လို့ သိရပါတယ်။ ဒီသီချင်းလေးတွေကို ပရိသတ်တွေဆီတင်ဆက်နိုင်ဖို့ ကြိုးစားဦးမယ်လို့ အင်တာဗျူး တချို့မှာ ဖြေဆိုဖူးပါတယ်။ ယခု နောက်ပိုင်းမှာ အနုပညာပိုင်းသာမက ပရဟိတ အလုပ်လေး တွေကိုပါ အချိန်ရရင် ရသလို လုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။

Share

Loading Next Article...
က္က