ဘယ်လို ဟာသလေးတွေဖြစ်လာမလဲဆိုတာ..။

ခိုင်သင်းကြည်နဲ့ နေခြည်ဦးတို့နှစ်ယောက် အပြိုင်အဆိုင်ရန်ဖြစ်ကြမယ့် ပုရိသ ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရုံတင်ပြသတော့မှာပါ။ တိုင်ရွန် နဲ့ ချမ်းမင်းရဲထွဋ်တို့ကလည်း ဒီ မင်းသမီးနှစ်ယောက်ကြားမှာ ဘယ်လိုတွေ ဗျာများခဲ့ရမလဲဆိုတာကို အခုလို ပြောပြခဲ့ပါတယ်။



Photo: Sein Htay



‘’ပုရိသ’’ရုပ်ရှင် ဇာတ်ကားကတော့ ဟာသဇာတ်ကားလေးလည်းဖြစ်သလို ပရိသတ်အများစုကလည်း စိတ်ဝင်စားနေတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ နာမည်ကျော်အနုပညာရှင်တို့ရဲ့ ဟာသအလွဲလေးတွေ မြင်ရမှာပါ။ ဒီဇာတ်ကားထဲမှာ တိုင်ရွန်ကရော ဘယ်လို ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ ကျွန်တော့်အတွက် ပထမဆုံး ဟာသဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာ ကျွန်တော်က လူဆိုးပေါ့၊ အရက်မမူးရင်ကောင်းတယ်၊ အရက်မူးရင် သွေးဆိုးသွားတဲ့ ပုံစံမျိုးပေါ့နော်။ ဒီဇာတ်ကားမှာ ကျွန်တော့်မိန်းမက နေခြည်ဦး ပြီးတော့ သူက မခိုင်လေးနဲ့ မတည့်ဘူး ရန်ဖြစ်ကြတဲ့ အပိုင်းတွေလည်းရှိတယ်။ ဟာသလုပ်ရတာ ခက်လည်း ခက်ခဲတယ်၊ ပျော်စရာလည်းကောင်းတယ်’’ လို့ သူကဆိုပါတယ်။


Photo: Sein Htay

အဲဒီနောက် ချမ်းမင်းရဲထွဋ်ကလည်း ဒီဇာတ်ကားထဲမှာ သူ့ရဲ့ ကြိုးစားမှုတွေ ဘယ်လောက်အထိ ပြင်းခဲ့ရတယ် ဆိုတာကို သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ သူကတော့ မင်းသမီး နှစ်ယောက်စလုံးနဲ့ တွဲရတဲ့သူပါ။

‘’ ဒီဇာတ်ကားထဲက တချို့မင်းသားတွေဆိုရင် မင်းသမီးတစ်ယောက်တည်းနဲ့ပဲ တွဲရတယ်။ ဥပမာ တိုင်ရွန်ဆိုရင် နေခြည်ဦးနဲ့ တွဲရတယ်။ ထက်အောင်ရှိုင်းဆိုရင် မခိုင်လေးနဲ့ တွဲရတယ်။ ဒါပေမယ့် ကျွန်တော်က နှစ်ယောက်စလုံးနဲ့ တွဲရတယ်။ သူတို့နှစ်ယောက်နဲ့ တွဲသရုပ်ဆောင်ရတဲ့အခါမှာ ကျွန်တော်လည်း တော်တော်ဗျာများရတယ်။ သူတို့နှစ်ယောက်ရဲ့ သွက်လက်မှုကြီးကို အမှီလိုက်နိုင်ဖို့ တော်တော်ကြိုးစားခဲ့ရပါတယ်” ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့ညက ‘’ပုရိသ’’ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။


Photo: Sein Htay

‘’ပုရိသ’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခိုင်သင်းကြည်နဲ့ အပြိုင် ရန်ဖြစ်ခဲ့ရတဲ့ နေခြည်ဦးကလည်း အမှတ်တရလေးတွေ ပြောပြလာပါတယ်။

‘’ အစပိုင်းတုန်းကတော့ မခိုင်လေးကို ရှိန်နေတာမျိုးရှိတယ်။ နောက်ပိုင်းကျတော့ မခိုင်လေးက ဘယ်လိုလုပ်ပေးသလဲဆိုတော့ နေခြည်နည်းနည်းလျော့လို့ရှိရင် သူက ဆွဲတင်ပေးတယ်။ နေခြည်က အရမ်းကန်ပြီး အရမ်းပြင်းလို့ရှိရင်လည်း သူကလျှော့ပေးတယ်။ တိုက်ထားစရာမလိုဘူး ရိုက်နေရင်းနဲ့ အပေးအယူမျှတယ်။ ကိုယ်တိုင်ကလည်း မခိုင်လေးကို ယုံကြည်တဲ့အတွက် နှစ်ယောက်စလုံးက ကာရိုက်တာညီတယ်လို့ ပြောလို့ရပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Sein Htay

ပုရိသ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ တိုင်ရွန်၊ ထက်အောင်ရှိုင်း၊ချမ်းမင်းရဲထွဋ်၊ ကျော်ရဲအောင်၊ ရဲအောင်၊ ခိုင်သင်းကြည်နဲ့ နေခြည်ဦး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ‘’ပုရိသ’’ရုပ်ရှင်ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က