သမီးလေးစိတ်ချမ်းသာဖို့ကိုဦးစားပေးတာပါ။
Sabal Thwin

သမီးလေး မြမိုးင်္ဂါရဲ့ အသက်(၆)နှစ်ပြည့် မွေးနေ့မှာ မိသားစုသုံးယောက် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြတာပါ။

Photo: ဘုဏ်းသိုက်

ချမ်းချမ်းကတော့ လက်ရှိအချိန်မှာ သမီးလေး စိတ်ချမ်းသာဖို့ကိုပဲ ဦးစားပေး တွေးဖြစ်နေတယ်လို့ ဆိုပါတယ်။ သမီးလေး မွေးနေ့မှာလည်း သမီးလေးပျော်ရွှင်စေဖို့ ဘုဏ်းသိုက်နဲ့အတူတူ မိသားစု စုံစုံလင်လင်နဲ့ အလှူအတန်းတွေ ပြုလုပ်ပေးခဲ့တာပါသေးတယ်။သူတို့ မိသားစုပုံရိပ်လေးတွေကို ကြည့်ပြီး ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ ပြန်အဆင်ပြေသွားပြီလား ဆိုပြီး ပရိသတ်တွေက မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။


Photo : ချမ်းချမ်း

အားလုံးကလည်း သူတို့ နှစ်ဦးကို ပြန်အဆင်ပြေစေချင်ကြတာလည်း တွေ့ချင်နေသလို ချမ်းချမ်းကလည်း သူမနဲ့ ဘုဏ်းသိုက်ရဲ့ ဆက်ဆံရေးကို ယခုလိုပွင့်ပွင့်လင်းလင်း‌ ပြောပြခဲ့ပါတယ်။

“အစ်မရဲ့ သမီးလေးက မွေးနေ့မှာ သူချစ်တဲ့သူတွေနဲ့ မွေးနေ့လုပ်ချင်တယ်ဆိုလို့ အစ်မအမျိုးသားလည်းအဲဒီနေ့မှာ အားတယ်အစ်မလည်းအားတယ်ဆိုတော့အတူတူလုပ်ပေးဖြစ်တာပါ။ဘာမှထွေထွေထူးထူးမရှိပါဘူး။အစ်မတို့က သူငယ်ချင်းတွေပါပဲ။ အစ်မသမီး ဘွဲ့ယူဦးမယ် မင်္ဂလာဆောင်ဦးမယ်ဆိုတော့ သူရှိဖို့လည်းလိုတယ်လေအစ်မတို့က ရန်သူတွေလည်းမဟုတ်ဘူး ကိုယ်ချစ်လို့ တွဲခဲ့တယ်ယူခဲ့တယ် ကလေးတောင် ယူခဲ့ပြီးပြီဆိုတော့ အစ်မအတွက် တစ်စိတ်တစ်‌ဒေသ အရေးပါခဲ့ပြီးပြီ ကျန်တဲ့အချိန်မှာတော့ ကိုယ်ကအရေးပါပေမယ့် သမီးလေးသည် သူ့အတွက် အရေးပါတဲ့သူဖြစ်သွားပြီ၊ကိုယ့်ဘဝမှာကိုယ့်အတွက်အရေးပါတဲ့သူကိုပဲ အားစိုက်ပြီးချစ်သွားမှာပေ့ါ။သမီးလိုတာ မှန်သမျှ အစ်မတို့ လုပ်ပေးမယ် ဒီလောက်ပါပဲ”လို့ ဖေဖော်ဝါရီ(၂၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ KIA ပွဲမှာ ပြောပြခဲ့တာပါ။

Photo : ချမ်းချမ်း

ဘုဏ်းသိုက်နဲ့ ပြန်အဆင်ပြေသွားပြီလို့ ထင်နေကြပေမယ့်လည်း သူတို့နှစ်ဦးက သူငယ်ချင်းတွေလိုပဲ နေကြတယ်လို့ ဆိုပါတယ်။ ယခုလက်ရှိမှာတော့ သမီးလေးနဲ့အတူတူ နေ့စဥ်ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရင်း သူမချစ်တဲ့ အနုပညာများကို ဖန်တီးနေတာ တွေ့ရပါတယ်ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ကွာရှင်းပြတ်ဆဲခဲ့ကြတာဖြစ်ပါတယ်။

Photo : ချမ်းချမ်း

ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက်‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။


Author

  • Sabal Thwin

    Entertainment Reporter


က္က