နွေလယ်ညရဲ့ လမင်း ဇာတ်လမ်းတွဲထဲက စုံတွဲလေး
Sabal Thwin

ဘုန်းရှိန်ခန့်တစ်ယောက် “နွေလယ်ညရဲ့ လမင်း” ရုပ်သံဇာတ်လမ်းတွဲထဲက စိုးစန္ဒာကို အရမ်းကြောက်ခဲ့မိတယ်လို့ ဆိုပါတယ်။ တိုင်တိုင်ပင်ပင်သရုပ်ဆောင်ခဲ့ကြတယ်လို့ ဘုန်းရှိန်ခန့်က ပြောပါတယ်။

“နွေလယ်ညရဲ့လမင်း” ရုပ်သံဇာတ်လမ်းတွဲထဲမှာ နွေဦး နဲ့ စိုး ဆိုတဲ့ စုံတွဲလေးအဖြစ်သရုပ်ဆောင်ထားတဲ့ ဘုန်းရှိန်ခန့် နဲ့ ခြူးလေး တို့ရဲ့ အမှတ်တရတွေကို အခုလို ပြောပြလာပါတယ်။ ကာရိုက်တာအပေါ် စိတ်နှစ်ပြီးသရုပ်ဆောင်တတ်တဲ့ ခြူးလေးကြောင့် ကြောက်တောင် ကြောက်ခဲ့မိတယ်လို့ ဘုန်းရှိန်ခန့်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ခြူးလေး သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ဖြစ်၊ ဗီဒီယို ဇာတ်ကားပဲဖြစ်ဖြစ် သူ့ရဲ့ ဇာတ်ကောင်စရိုက်ကို တစ်သားတည်းကျအောင်၊ တစ်ထပ်တည်းဖြစ်အောင် သူလုပ်နိုင်တယ်။ ‘နွေလယ်ညရဲ့ လမင်း’ ဇာတ်လမ်းတွဲထဲမှာဆို သူက လုံးဝ စိုးစန္ဒာ၊ ဇာတ်ကားရိုက်ကူးရေး လုပ်နေတဲ့ အချိန်မှာတောင် သူ့ကို တဖြည်းဖြည်းနဲ့ကြောက်လာပြီး အခန်းခွဲနေရတယ်။ အန်တီသန်းသန်းစိုးတို့၊ အန်တီဝါဝါအောင်တို့အခန်းထဲမှာ သွားနေရတယ်” လို့ ဆိုပါတယ်။

ဇာတ်လမ်းတွဲရိုက်နေတဲ့ အချိန်မှာလည်း ကာရိုက်တာနဲ့ ပတ်သက်ပြီး ခြူးလေး သင်ပေးတာတွေရှိတယ်လို့ ဘုန်းရှိန်ခန့်ကဖြေဆိုခဲ့ပါတယ်။ အမှတ်တရ ဇာတ်ဝင်ခန်းတွေအကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

“ ကျွန်တော် မူနေတဲ့အခန်းဆိုရင် ညီမလေးက ကျွန်တော့်ကို ပြန်ပြီးတော့ သင်ပေးတာ။ ဘယ်လို သင်ပေးလဲဆိုတာ့ ‘ မောင်က စိုးချစ်သလောက်လည်း မချစ်ဘူးနော်။ ငြိုငြင်တာလား’ လို့ပြောရင် ကိုကြီးက မူနေပါပေါ့။ ချက်ချင်းမပျော့သွားနဲ့နော် ဆိုတာတွေ သက်ပေးတယ်။ ညီမလေးနဲ့ရိုက်တဲ့ ဇာတ်ကားတွေကလည်း တိုင်တိုင်ပင်ပင်နဲ့ လုပ်ဖြစ်တာများတဲ့အတွက် သိပ်အခက်အခဲတော့ မရှိပါဘူး။ ဇာတ်ကောင်စရိုက်နဲ့ တစ်ထပ်တည်းကျအောင် သရုပ်ဆောင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဆုတွေလည်း အများကြီးရပါစေ” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြည့်စုံသျှင် ရွှေဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

“နွေလယ်ညရဲ့ လမင်း” ရုပ်သံဇာတ်လမ်းတွဲကိုတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အချစ်၊ ဒရာမာ အိမ်ထောင်ရေး ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဘုန်းရှိန်ခန့်၊ ခြူးလေး တို့အပြင် နောက်ထပ် သရုပ်ဆောင်များစွာတို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဘုန်းရှိန်ခန့်နဲ့ ခြူးလေးတို့ဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်အခိုင်အမာရရှိလာသူတွေဖြစ်ပါတယ်။ ဘုန်းရှိန်ခန့်ကတော့ " Sing Of Love" ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်ရင်ထဲကို ရောက်လာတဲ့ မင်းသားချော တစ်ဦးပါ။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ အခုဆိုရင် ၅ နှစ်ခန့်ရှိလာပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က