ဖောင်ဒေးရှင်းရဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့်အရာတွေကို အခုလိုပြောပြခဲ့ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်း အနေနဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ကလေးငယ်တွေရဲ့ ကျန်းမာရေးသာမက ကျောင်းပညာရေးကိုပါ ဦးစားပေးဆောင်ရွက်သွားဦးမယ်လို့ သိရပါတယ်။ 

ခေတ်သစ်ဖောင်ဒေးရှင်းကတော့ ၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာ ဆက်လက်လုပ်ဆောင်သွားမယ့်အရာတွေ နဲ့ပတ်သက်ပြီး အဆိုတော် ချစ်သုဝေက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ၂၀၂၀ အတွင်းမှာတော့ ခေတ်သစ်ဖောင်ဒေးရှင်းကနေပြီးတော့ တစ်လကို လူနာ ၂ ယောက်နှုန်းနဲ့ ၂၄ ယောက်ကိုခွဲပေးမယ်။ ပထမနှစ်က ၂၇ ယောက်ခွဲပေးခဲ့တယ်။ ဒုတိယနှစ်မှာတော့ ဒီ့ထက်ပိုလှူဒါန်းမှုတွေလုပ်မယ်။ ခေတ်သစ်ကမ္ဘာအစီအစဉ်ကနေ ဝင်ထားတဲ့ အလှူငွေလေးရှိနေတဲ့အတွက် လူနာအယောက် ၃၀ ကျော် လှူဒါန်းနိုင်ဖို့ စိတ်ကူးထားပါတယ်။ ပညာရေးဘက်မှာလည်း တစ်ခုခု လုပ်ပေးချင်တဲ့ စိတ်နဲ့ လိုအပ်မှုတွေ၊ ချို့တဲ့နေကြတဲ့ ကျောင်းဆောင်လေးတွေကို ပြုပြင်ပြီးတော့ ဦးစားပေး လှူသွားမယ်လို့ စိတ်ကူးထားပါသေးတယ်” လို့ ဆိုပါတယ်။ 

ခေတ်သစ် ဖောင်ဒေးရှင်း က အလှူငွေတွေနဲ့ ပတ်သက်ပြီးတော့လည်း လစဉ်လတိုင်း ငွေစာရင်းရှင်းတမ်းတွေ ကို ခေတ်သစ် ဖောင်ဒေးရှင်း Facebook Page ကနေ ထုတ်ပြန်ပေးလေ့ရှိပါတယ်။ အလှူရှင်တွေရဲ့ ယုံယုံကြည်ကြည် လှူဒါန်းမှုတွေကြောင့် သေသေချာချာ ဂရုတစိုက် စာရင်းလေးတွေ လုပ်ပေးဖြစ်တယ်လို့ ချစ်သုဝေက ပြောပါတယ်။ 

“ ထရီစာနဲ့ ကိုလင်းတို့ လှူတဲ့ အလှူက သပ်သပ်၊ ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ကတော့ တကယ်လိုအပ်တဲ့ နေရာလေးတွေမှာ ထည့်လှူလိုက်တာပေါ့။ နောက်ထပ် မလောက်တော့တာတွေဆိုရင် ကိုယ့်ဘတ်ဂျက်ထဲကနေ သွားတာပေါ့။ အဓိက ကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကို လှူဒါန်းကြတဲ့ အလှူရှင်တွေရဲ့ အလှူငွေတွေအားလုံးဟာ လူနာတွေဆီကိုပဲ တိုက်ရိုက် ရောက်စေချင်တယ်။ ခေတ်သစ်ဖောင်ဒေးရှင်းPage မှာလည်း လစဉ်လတိုင်း ငွေစာရင်းရှင်းတမ်းတွေ ဖော်ပြလေ့ရှိပါတယ်။ ကိုယ်တွေကို ယုံကြည်လို့ ထည့်ဝင်ပေးကြတဲ့ သူတွေရှိတာကြောင့် အစစအရာရာ ဂရုတစိုက် ဆောင်ရွက်လေ့ရှိပါတယ်” ဆိုပြီးတော့ သူကပြောပါတယ်။ 

အလှူရှင်တွေ အနေနဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကို လှူဒါန်းပါက ဘဏ်အကောင့်ကနေသာ တိုက်ရိုက် လှူဒါန်းပေးဖို့အတွက်ကိုလည်း ချစ်သုဝေက မေတ္တာရပ်ခံခဲ့ပါတယ်။ 

“ အလှူငွေကိုတော့ အပြင်ကနေပြီးတော့ ငွေသားနဲ့ လက်မခံပါဘူး။ ခေတ်သစ်ဖောင်ဒေးရှင်းမှာ တင်ထားတဲ့ Bank အကောင့်ကိုပဲ တိုက်ရိုက်ထည့်ဝင်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်လ တစ်လ ငွေရှင်းတမ်း လုပ်ရင် အရမ်းရှင်းပါတယ်။ ကိုယ်လှူတာ ရောက်သွားလား၊ မရောက်သွားလားလည်း ကြည့်လို့ရတယ်။ ဒီစာရင်းတွေကို အမြဲတမ်း Up to date လုပ်ပေးတဲ့အတွက် လှူတဲ့သူတွေ အနေနဲ့လည်း စိတ်ရှင်းတယ်။ ဘယ်ကိစ္စမှာ ဘယ်လောက် လှူလိုက်တယ် ဆိုတာကိုလည်း သိရတယ်။ အလှူရှင်တွေ အနေနဲ့လည်း စိတ်ချမ်းသာတယ်ပေါ့နော်” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။ 

‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီ(၁၉) ရက်နေ့က ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ “ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာအသက်(၅)နှစ်အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က