၂၀၁၉ ခုနှစ်ကုန်မှာ မင်္ဂလာဆောင်တော့မှာပါ။

ချစ်စနိုးဦးဟာ သူမအတွက်တော့ ထူးခြားတဲ့ ကံကြမ္မာတွေထဲကမှ ဖူးစာရှင်ကို ရှာတွေ့ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ သူ့ရဲ့ ယောက္ခမလောင်းက ငယ်ငယ်တုန်းက စာသင်ပေးခဲ့တဲ့ ဆရာမဖြစ်နေပါတယ်တဲ့။

photo: chit snow oo

သရုပ်ဆောင် ချစ်စနိုးဦးက သူမအတွက် ဖူးစာရှင်က အရမ်းထူးဆန်းတယ်လို့ဆိုပါတယ်။ သူမရဲ့ချစ်သူ အဆိုတော်ဖိုးသားနဲ့ကလည်း ငယ်ငယ်ကတည်းက အကျွမ်းတဝင်ရှိခဲ့ကြတာဖြစ်ပြီး ယောက္ခမလောင်းကလည်း သူမကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာမဖြစ်တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ငယ်ငယ်လေးကတည်းက သိတာ။ ပြောရရင် ကံကြမ္မာက ထူးဆန်းတယ်လို့ပြောရမယ်။ သူနဲ့ကိုယ်နဲ့ဆို သိနေတာ ပိစိကွေးကတည်းက သိနေကြတာကိုး။ ကြီးလာတဲ့အချိန်မှာ သူလည်း သူ့ဘာသာသူနေ၊ ကိုယ်လည်း ကိုယ့်ဘာသာကိုယ်နေ။ သူနဲ့မကြိုက်ခင်တုန်းကဆိုရင်လည်း သူ့ရဲ့ သင်္ကြန်မဏ္ဍာပ်မှာ အစ်မက သီချင်းသွားဆိုတယ်။ သူလည်း သူ့ကောင်မလေးတွေနဲ့သူဆိုတော့ မောင်နှမတွေလိုပဲနေကြတာ။ ပြီးတော့ အစ်မ အခွေထွက်ပြီးတော့မှ သူ ဘာစိတ်ကူးပြောင်းသွားလည်း မသိဘူး’’ လို့ သူကဆိုပါတယ်။

Photo: chit snow oo

အဲဒီနောက် ဆရာမကလည်း ချစ်စနိုးဦးကို တပည့်တစ်ယောက်အနေနဲ့ကတည်းက ချစ်ပြီးသားဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမှုနည်းတယ်လို့ ဆိုပါတယ်။

‘’အစ်မက ကံကောင်းတာရှိတယ်။ သူ့အမေက အစ်မရဲ့ဆရာမ။ အဲဒီတော့ အထွေအထူး သူစိမ်းတွေ မဟုတ်ဘူးပေါ့နော်။ အစ်မ ငယ်ငယ်လေးကတည်းကနေပြီးတော့ ကျောင်းတက်ခဲ့ရတယ်၊ ကျောင်းတုန်းက ဆရာမလည်းဖြစ်တဲ့အတွက် အစောကြီးကတည်းက အစ်မကို ချစ်ပြီးသားဆိုတော့ အဆင်ပြေပါတယ်’’ လို့ Star Awards ဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: chit snow oo

တစ်ယောက်နဲ့တစ်ယောက် ချစ်သူစဖြစ်တုန်းက အမှတ်တရတွေကိုလည်း ချစ်စနိုးဦးက ရယ်ရယ်မောမောနဲ့ ပြောပြလာပါသေးတယ်။

‘’ သူ စစပြောတုန်းကဆို အစ်မ အရမ်းငြင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မ ဆရာမရဲ့သားလေ။ ကြောက်တယ်လေ ဆရာမကို။ ငါ့သားကို ဆိုပြီးတော့ အပြောခံထိမှာ အရမ်းကြောက်တာ။ မလုပ်ပါနဲ့ ဆရာမနဲ့ မိတ်ပျက်မယ်ပေါ့နော်။ သူကပြောတယ် ဘယ်အရာမဆို risk ယူရမယ်ပေါ့။ ဘယ်အရာမဆို ချစ်ဖို့ပဲ အရေးကြီးတယ်လို့ ပြောရင်းနဲ့ပဲ ကြိုက်ဖြစ်သွားတာပါ’’ လို့ ဆက်လက် ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Phoe Thar

ချစ်စနိုးဦးကတော့ ချစ်သူဖြစ်တဲ့ အဆိုတော်ဖိုးသားနဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်သွားမယ်လို့သိရပါတယ်။ သူတို့ဟာ ချစ်သူသက်တမ်း ၅ နှစ်ကျော်အကြာမှာ လက်ထပ်ကြမှာဖြစ်ပါတယ်။ ချစ်စနိုးဦးကိုတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ဂီတအလုပ်ကိုပဲ တစိုက်မတ်မတ် ဆောင်ရွက်နေသူပါ။ 



က္က