သရုပ်ဆောင်ဖို့က တကယ်မလွယ်တဲ့ ကိစ္စပါ။

ဖြိုးမြတ်အောင်ဟာ သရုပ်ဆောင်အလုပ်က မလွယ်လှတာကြောင့် ဂီတအလုပ်တွေကိုပဲ ပိုကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေအတွက် သီချင်းအသစ်တွေလည်း ထွက်ရှိလာဦးမယ်လို့ပြောပါတယ်။

ဖြိုးမြတ်အောင်ကတော့ သူ့ရဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ခံယူချက်ကို ပြောပြလာပါတယ်။ သရုပ်ဆောင်အလုပ်ထက် ဂီတအလုပ်ကို ပိုဦးစားပေးသွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



‘’ ကျွန်တော် အဆိုပိုင်းကိုပဲ သွားမယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကြော်ငြာလောက်ပဲရိုက်မယ်။ ရုပ်ရှင်ကကျတော့ တကယ်ကို မလွယ်လှတဲ့ ကိစ္စပါ။ ဂီတမှာ ကျွန်တော် အခြေကျသွားရင်တော့ တစ်မျိုးပေါ့နော်။ အဲဒါကြောင့် ဂီတဘက်မှာ အခြေကျဖို့ ကျွန်တော် ကြိုးစားသွားပါမယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့က Myanmar Idol Top-11 မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ဖြိုးမြတ်အောင်ဟာ လက်ရှိမှာလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင် လာတဲ့သူတစ်ယောက်ပါ။ ဖျော်ဖြေပွဲတွေမှာလည်း ပါဝင်သီဆိုနေတာ တွေ့ရပါတယ်။ မကြာသေးခင်ကထွက်ရှိခဲ့တဲ့ တစ်ကိုယ်တော်အခွေကလည်း အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

‘’ သီချင်းနဲ့ ပတ်သက်ပြီးတော့ မကြာသေးခင်က ‘’သံဝေဂတေး’’ Mini Album ထွက်ထားတယ်။ ၂၀၁၅ တုန်းကတည်းက လုပ်ထားတဲ့ Album ထဲက သီချင်းတွေ ထွက်ဖို့တော့ရှိတယ်။ ပြင်ဆင်နေတုန်းပါပဲ။ သင့်အတွက် မနက်ဖြန် အခွေ ရောင်းအားကောင်းခဲ့တဲ့ အပေါ်မှာလည်း ဝမ်းသာတယ်။အပင်ပန်းခံရကျိုးလည်း နပ်ပါတယ်။ ကျွန်တော့်ကို အရင်က အားမပေးတဲ့သူတွေတောင် အားပေးလာကြတာ ဝမ်းသာပါတယ်’’ လို့ သူက ပြောပါတယ်။

ပရိသတ် အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ ဖြိုးမြတ်အောင်က အမာခံပရိသတ်တွေ သူ့ကို ဘယ်လောက်အထိ ချစ်ကြတယ်ဆိုတာကိုလည်း ဖြေဆိုခဲ့ပါသေးတယ်။

‘’ ပရိသတ်တွေကတော့ ကျွန်တော် ဘာလုပ်နေလဲ အမြဲတမ်းလိုက်ကြည့်နေတယ်။ တစ်ခါတလေ ကိုယ်ဘာလုပ်နေတယ်ဆိုတာတောင် သူတို့လောက် မသိဘူး။ ပထမပိုင်းတုန်းကတော့ မနေတတ်ဘူး။ ဒီလိုမျိုးလည်း မရှိဖူးဘူး။ အခုတော့ အဆင်ပြေသွားပါပြီ။ ကိုယ်မေ့လျော့နေတာလေးတွေရှိရင်တောင်မှ ပရိသတ်တွေက လိုက်ထောက်ပြတယ်။ ကိုယ့်အတွက် ကောင်းကျိုးတွေလည်းရှိတယ်၊ ဆိုးကျိုးတွေရှိလာရင်လည်း မိသားစုတွေလို တိုင်ပင်ပြီးတော့ နားလည်မှု ယူကြတာပါပဲ’’ လို့ သဘောကျရယ်မောရင်း ပြောပြခဲ့တာပါ။

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။



Share

Loading Next Article...
က္က