ပထမဆုံးအကြိမ် ရိုက်ကွင်းပေါ်က အမှတ်တရလေးကို ပြောပြလာပါတယ်။

ပိုင်ဖြိုးသုကတော့ ဇာတ်လမ်းတွဲ အတူတူရိုက်ကူးမယ့် အနုပညာရှင်အသစ်လေးတွေရဲ့ သရုပ်ဆောင် အရည်အချင်းတွေအပေါ် ချီးကျူးစကားဆိုလာပါတယ်။ 

Photo: Paing Pyo Thu



ပိုင်ဖြိုးသုကတော့ “ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲထဲမှာ အနုပညာရှင်အသစ်လေးတွေနဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲက အနုပညာရှင်အသစ်လေးတွေရဲ့ သရုပ်ဆောင်မှုအပေါ် သူမရဲ့ သဘောထားကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။ 

“ သရုပ်ဆောင် ပညာဆိုတာ သင်လို့မဆုံးဘူး။ အခုခေတ် အနုပညာရှင်အသစ် ကလေးတွေနဲ့ ယှဉ်ရင် သုသုက ခေတ်နောက်ကျသွားသလိုခံစားရတယ်။ သူတို့က အရမ်းတော်လည်း တော်ကြတယ်၊ ထက်လည်း ထက်မြတ်တယ်။ သူတို့လေးတွေကို သိပ်အများကြီး ပြောပြရတာမျိုးမရှိဘူး။ ပြီးတော့ အိုက်တင်လုပ်တာတွေက တော်တော်လေးကို နေသားတကျရှိသလို အရမ်းတော်ကြတယ်” လို့ သူကဆိုပါတယ်။ 

Photo: Paing Pyo Thu

ပိုင်ဖြိုးသုဟာ (၃) နှစ်အရွယ်ကလေး ဘဝကတည်းက အနုပညာအလုပ်တွေကို စိတ်ပါဝင်စားခဲ့သူပါ။ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာလည်း ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။ သရုပ်ဆောင်ဒွေး နဲ့ တင်တင့်ထွန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ကြောက်တတ်သူများ မကြည့်ရ” ဆိုတဲ့ ဇာတ်ကားမှာ ကလေးသရုပ်ဆောင် အဖြစ် ပါဝင်ရင်း ပရိသတ်တွေကို သတိထားမိခဲ့တာပါ။ သူမဟာ ပညာရေးကို ဦးစားပေးဖို့ အနုပညာအလုပ်တွေကို ခဏရပ်နားခဲ့ပြီး ဆေးတက္ကသိုလ် အောင်မြင်ပြီးချိန်မှသာ “စိုင်းစိုင်းကို ချစ်တယ်” ဆိုတဲ့ ဇာတ်ကားနဲ့ သရုပ်ဆောင် လောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

Photo: Paing Pyo Thu

အဲဒီနောက်မှာတော့ ပိုင်ဖြိုးသုဟာ ထိပ်တန်းသရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေဦးစီးတဲ့ အနုပညာပျိုးခင်းပြိုင်ပွဲကနေ စင်တင်ပေးလိုက်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ 

အနုပညာအလုပ်တွေ စလုပ်တဲ့ အချိန်တုန်းက သူမရဲ့ အတွေ့အကြုံတွေကို လည်းယခုလို ပြောပြခဲ့ပါတယ်။

“သုသုဆိုရင် ပထမဆုံးရိုက်တုန်းက ပိုဆိုးတယ်။ ကင်မရာက ဘယ်နားက ကြည့်နေတာလဲ၊ အိုက်တင်လုပ် ဆိုတာနဲ့ လုပ်လိုက်တာပဲ။ ကင်မရာထဲမှာ ပေါ်လား မပေါ်လားဆိုတာ ကိုယ်က မသိဘူး။ အဲဒီလို အခြေခံကအစ တဖြည်းဖြည်းနဲ့ သင်ခဲ့ရတာပါ။ အခုဆိုရင် သရုပ်ဆောင် အသစ်တွေအတွက် ဗီဒီယိုတွေ မရှိပေမယ့်လည်း ဇာတ်လမ်းတွဲတွေရှိတော့ ပိုကောင်းလာတာပေါ့” လို့ ဆိုပါတယ်။ 

Photo: Paing Pyo Thu

“ ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲထဲမှသရုပ်ဆောင်အသစ်တွေ အနေနဲ့ ထွန်းဝီရ၊ နောင်ထူး၊ သဇင်ထူးမြင့် တို့အပြင် ကလေးသရုပ်ဆောင်များ အနေနဲ့ မင်းရွှေရောင်တင်၊ လပြည့်ထွန်း၊ သုတအောင်၊ စွမ်းစွမ်း၊ သူရမြင့်မြတ်ကျော်၊ ရှိုင်းဝဏအောင်၊ သုမန်အောင် နဲ့ အိန်ဂျယ်ဝတ်မှုံတို့က ပါဝင်သရုပ်ဆောင် ကြမှာဖြစ်ပါတယ်။ အတွေ့အကြုံရှိပြီးသားသရုပ်ဆောင်တွေ အနေနဲ့ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီပိုင်ဖြိုးသု၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ နန်းခင်မွှေး၊ Gဆိုင်းဂျာ နဲ့ အံ့မင်းညို ပါဝင်သွားမယ်လို့ သိရပါတယ်။

 ပိုင်ဖြိုးသုဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ အနုပညာသက်တမ်းလည်း (၁၀) စုနှစ် တစ်ခုကျော်ကို ရောက်လာပြီဖြစ်သလို ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း ဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က