ရုပ်ရှင်၊သဘင်၊ဂီတလောကသားတွေအတွက်ဖြစ်ပါတယ်။

ဇာဂနာ နဲ့အတူ အာယုသုခုမ ပရဟိတအဖွဲ့သားတွေ စုပေါင်းပြီး ရုပ်ရှင်၊ သဘင်နဲ့ ဂီတလောကမှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေအတွက် ငွေကျပ်(၁၆၅) သိန်းလှူဒါန်းခဲ့တာတွေ့ရပါတယ်။ 

ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဇာဂနာ ဦးဆောင်တဲ့ အာယုသုခုမအဖွဲ့၏ ပထမအကြိမ် ရုပ်ရှင် ၊ သဘင်၊ ဂီတ၊ အနုပညာရှင် များအတွက် ကျန်းမာရေးကူညီမှူ ဂါရဝပြုပွဲကို မေလ (၂၇)ရက်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလှူအကြောင်းကိုလည်း ဇာဂနာက Duwun ကနေ ပြောပြလာပါတယ်။ 



“ ဒီနေ့ အလှူကတော့ ရုပ်ရှင်၊ သဘင်၊ ဂီတမှာရှိတဲ့ သက်ကြီး အနုပညာရှင်တွေရယ်၊ ကျန်းမာရေး မကောင်းတဲ့ သူတွေရယ် အတွက် လှူတာပါ။ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကိုတော့ သင်္ကြန်တုန်းက တစ်ခါ လှူပြီးပြီ။ အခု လောလောဆယ်တော့ ပိုက်ဆံပဲ လှူလိုက်တော့မယ်။ ဒီအချိန်မှာ အသုံး အတည့်ဆုံးက ပိုက်ဆံပဲလေ။ သက်ကြီး အနုပညာရှင်တွေရယ်၊ ကျန်းမာရေး မကောင်းတဲ့သူတွေရယ် စုစုပေါင်းကို စာရင်းကောက်လိုက်တာ (၁၆၅) ယောက်ရှိတယ်။ တစ်ယောက်ကို တစ်သိန်းနှုန်းနဲ့ (၁၆၅) သိန်းလှူပါတယ်" လို့ မေလ ၂၇ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်တဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ဇာဂနာက အနုပညာနဲ့ ပတ်သက်လာရင် ရုပ်ရှင်၊ သဘင်၊ ဂီတ (၃) ခုစလုံးမှာ အနုပညာအလုပ်တွေ လုပ်ခဲ့ရသူ ဖြစ်တာကြောင့် အခုလို ကုသိုလ်ပြုရခြင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ 

“ ဒီလောက က ကိုယ်ကျင်လည်တဲ့ လောကဆိုတော့ အနုပညာရှင်ကြီးတွေကို ကန်တော့တဲ့ သဘောပါ။ ကျွန်တော်တို့လည်း ဒီလောက ကနေ အခုလို ဖြစ်လာတာ ဆိုတော့ လူကြီးတွေအတွက် တတ်နိုင်သလောက် လှူဖြစ်တဲ့ သဘောပါ။ ပြီးတော့ ကိုယ်တိုင်ကလည်း ရုပ်ရှင်ရော၊ သဘင်ရော၊ ဂီတရောမှာ ကျင်လည်ခဲ့တာဖြစ်တဲ့အတွက် အခုလို လုပ်ဆောင်ရတာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

ဇာဂနာကတော့ အနုပညာလောကထဲကို လူရွှင်တော် တစ်ဦးအနေနဲ့ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင် လောကထဲကို ဝင်ရောက်ရင်း ဇာတ်ကားတွေ လည်းအများကြီးရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ ဂီတလောကမှာ ဆိုရင်တော့ ကိုယ်တိုင် သီချင်းရေး၊ သီချင်းဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အခုချိန်မှာတော့ သူဟာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က