ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ ဦးအေးကြူလေးက အခုလို ပြောပြလာပါတယ်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ(၁၃) ရက်နေ့မှာ ကျရောက်မယ့် ရုပ်ရှင် နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် အစီအစဉ်နဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ ဦးအေးကြူလေးက အခုလို ပြောပြလာပါတယ်။ 

Photo: U Aye Kyu Lay



မြန်မာ့ရုပ်ရှင် ကတော့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့ဆိုရင် နှစ်(၁၀၀) ပြည့်ပြီဖြစ်ပါတယ်။ နှစ်(၁၀၀) ပြည့်ဖို့ တစ်လအတွင်းသာ လိုတော့တာ ဖြစ်တဲ့အတွက် Covid ကာလသာ မပြီးသေးရင် လုပ်ခွင့်ရသလောက် အစီအစဉ်လေးတွေ လုပ်သွားမယ်လို့ ရုပ်ရှင် ဒုဥက္ကဌ ဦးအေးကြူလေးက Duwun ကို ပြောပြလာပါတယ်။ 

“ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက်က ၂၀၂၀ ခုနှစ် အောက်တိုဘာလ(၁၃) ရက်နေ့ကျရင် ပြည်သူ့ရင်ပြင်မှာ ဖွင့်ပွဲလုပ်မလို့ စီစဉ်ထားတာပါ။ နိုင်ငံတော်ဘက်ကလည်း ဘယ်အဆင့်က လာမလဲ မသိသေးဘူး။ဒီ အတွက် အခမ်းအနားကတော့ ဘယ်လို လုပ်မလဲ မဆုံးဖြတ်ရသေးဘူး။ အကျဉ်းချုံးပဲ လုပ်လို့ရမယ်ဆိုရင် ဖျော်ဖြေပွဲလုပ်မယ့်ဟာကို ရိုက်ကူးရေးလုပ်ပြီး တီဗီကနေ လွှင့်လိုက်ရမှာပေါ့။ လုပ်ခွင့်ရတဲ့ ဟာတွေကလည်း ဆုပေးတာပဲ ဆိုတော့ ရသလောက်ကို အဆင်ပြေအောင် လုပ်ရမှာပေါ့။ ဇာတ်ကား ဟောင်းတွေကိုလည်း တီဗီလိုင်းတွေကနေ အကုန်လွှင့်နေမှာပါ" လို့ သူကဆိုပါတယ်။ 

Photo: U Aye Kyu Lay

ဦးအေးကြူလေးက လက်ရှိမှာ ရုပ်ရှင် နှစ်(၁၀၀) ပြည့်နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Covid ကာလပြီးသွားရင် ရုပ်ရှင်နှစ်(၁၀၀) ပြည့်ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပသွားဖို့ စိတ်ကူးထားတယ်လို့လည်း ဦးအေးကြူလေးက ပြောပါတယ်။ 

"တကယ်လို့ Covid ကာလပြီးသွားရင်တော့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားပြန်လုပ်ဖို့တော့ စိတ်ကူးထားကြတယ်။ လောလောဆယ် လုပ်ခွင့်ရတဲ့ ဟာတွေက ရာပြည့် မဂ္ဂဇင်း အတွက် စာမူပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ စာတန်းဖတ်ပွဲ၊ ဇာတ်လမ်းတို ပြိုင်ပွဲတွေ လုပ်နေတယ်။ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) အထိမ်းအမှတ်အတွက် လက်ဆောင်ပစ္စည်းလေးတွေ ဝေမယ်။ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် သီချင်းတွေ ရိုက်နေတယ်။ ဟိုးတုန်းက ဂန္တဝင်သီချင်းတွေ အပုဒ်(၁၀၀) လောက်ကို တီဗီကနေ လွှင့်မယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: U Aye Kyu Lay

 မြန်မာ့ရှပ်ရှင်ဟာ ၁၉၂၀ ပြည့်နှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းမှာ နှစ်(၁၀၀)တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူများနဲ့ အနုပညာ‌လောကသားတွေအားလုံး စုပေါင်းပြီး နှစ်(၁၀၀) ပြည့်အမှတ်တရပွဲတော် ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။ အဲဒီနောက် ရုပ်ရှင်သမိုင်းပြတိုက်ကြီးကိုလည်း ပြန်လည်မွမ်းမံထားတာ ဖြစ်သလို နှစ်(၁၀၀) ပြည့်အတွင်းမှာ အောင်မြင်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကိုလည်း ပြတိုက်မှာ ပြသထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က