တောင်းပန်လာတဲ့ အခြေအနေအပေါ် ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပြလာပါတယ်။

သရုပ်ဆောင် မြင့်မြတ်နဲ့ K ညီတို့ ဦးဆောင်ပြီး အဆိုတော် ယုန်လေးရိုက်ကူးလိုက်တဲ့ MTV ကိစ္စအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ သွားရောက်ဖြေရှင်းပေးခဲ့ကြတာ တွေ့ရပါတယ်။ 

Photo: Tin Tun Win



အဆိုတော် ယုန်လေး အတွက် သရုပ်ဆောင် မြင့်မြတ် နဲ့ Kညီ တို့ ဦးဆောင်ပြီး ဒီနေ့ သြဂုတ်(၆) ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ သွားရောက်တောင်းပန်ခဲ့ကြပါတယ်။ လာရောက်တောင်းပန် ခဲ့ကြတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က Duwun ကို အခုလို ပြောပြလာပါတယ်။

 “ ကိုယုန်လေးတို့ လာတောင်းပန်တာတော့ မဟုတ်ပါဘူး။ သူရိုက်ထားတာက စည်းလုံးသင့်ပြီ မြန်မာပြည် ပေါ့နော်။ ဒါကို သူက စေတနာနဲ့ ရိုက်ပေးတာ။ သူပြောသွားတဲ့ အထဲမှာတော့ ၈၈ အရေးအခင်းတုန်းက သူ ၃ နှစ်သားပဲရှိပါသေးတယ်။ သူ ဘာမှ နားမလည်ဘူး၊ အဲဒီအကြောင်းအရာတွေကို သူမသိဘူး။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဆိုရင်လည်း ထူးခြားမှုလေးတွေကို သူကြိုက်လို့ သူရိုက်တယ်။ ဒါကိုလည်း ထူးခြားမယ်ထင်လို့ သူရိုက်တယ်။ သူက ဘယ်သူ ဘယ်ဝါဆီကမှ အခကြေးငွေယူပြီးရိုက်ထားတာလည်း မဟုတ်ဘူးဆိုတာကို ရှင်းပြတယ်။ သားညီတို့၊ ကေညီတို့၊ ထူးခြားတို့လည်း ပါတယ်။ ပါဝင်သရုပ်ဆောင်ကြတဲ့ သူတွေကလည်း မေတ္တာ စေတနာနဲ့ ပါဝင်ရိုက်ကူးထားကြတာပါ။ MTV အတွက်ကိုလည်း တစ်ခုခုဖြစ်ရင် သူပဲ တာဝန်ယူထားပါတယ်။ ပြီးတော့ အဖွဲ့အစည်းတစ်ခုခုကိုလည်း ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒ လုံးဝ မရှိပါဘူးလို့ လာရှင်းပြပါတယ်” လို့ ဆိုပါတယ်။ အဆိုတော် ယုန်လေးရဲ့ " စည်းလုံးသင့်ပြီ မြန်မာပြည်" သီချင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ CEC အဖွဲ့ကလည်း သြဂုတ်လ ၇ ရက်နေ့ မှာ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ အဆိုတော် ယုန်လေးတို့ ရှင်းပြပေးခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ယင်း အစည်းအဝေးမှာ ထည့်သွင်း ဆုံးဖြတ်သွားမယ်လို့ ဦးညီညီထွန်းလွင်က ပြောပြခဲ့ပါတယ်။ 

Photo: Yone Lay

ဦးညီညီထွန်းလွင် အနေနဲ့ ယုန်လေးရဲ့ သီချင်းဟာ MTV သီးသန့်မဟုတ်ပဲ ဇာတ်လမ်းပုံစံမျိုးဖြစ်တာကြောင့် ဆင်ဆာ ကိစ္စတွေမှာ ပြန်လည် ညှိနှိုင်းဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး ဆန်းသစ်တီထွင်မှုကို သဘောကျတဲ့ အနုပညာရှင်အသစ်တွေ အနေနဲ့ ယုန်လေးရဲ့ အဖြစ်ကိုကြည့်ပြီး နမူနာထားသင့်တယ်လို့ ဦးညီညီထွန်းလွင်က ဆိုပါတယ်။

“ ယုန်လေးပြောချင်သလို ပေးချင်တဲ့ မက်ဆေ့ချ်က ခေတ်နဲ့ အံဝင်သလား၊ အံမဝင်ဘူးလား။ ခေတ်မှာ ဖြစ်ပေါ်နေတဲ့ အနေအထားက ဘယ်လိုဆိုတာ မသိဘူး။ သူ့ကြည့်ရတာ ကလေးတစ်ယောက်က အဲဒီ ဇာတ်လမ်းလေးကို စိတ်ကူးထဲမှာ တစ်ခါတည်း တည်ဆောက်ခဲ့လိုက်တာ။ တကယ့်နိုင်ငံ အဓိပတိ ခေါင်းဆောင်ကိုလည်း ထည့်ရိုက်လို့ရိုက်နဲ့ သူကတော့ အရမ်းကို ထူးခြားဆန်းသစ်တယ်လို့ ထင်နေတယ်။ ဘယ်လို အန္တရာယ်တွေ ရိုက်ခတ်လာနိုင်သလဲဆိုတာ သူ ဘာမှ စဉ်းစားထားပုံမရဘူး။ နောက်ထပ် ထူးခြား ဆန်းသစ်လိုတဲ့ လူငယ်တွေရှိရင် အဲဒါကို စံနမူနာယူရမှာပေါ့။ နိုက်ကလပ်တွေ ဘာတွေ တက်ရုံနဲ့ မလုံလောက်ဘူး။ စာလေး ဘာလေးလည်း များများဖတ်ဖို့ လိုအပ်တယ်” လို့ သူက ဆိုပါတယ်။

Photo: Nyi Nyi

ယုန်လေးအနေနဲ့လည်း " စည်းလုံးသင့်ပြီ မြန်မာပြည်" သီချင်းအတွက်နဲ့ စိတ်ဓာတ်ကျနေတဲ့ သူ့ကို ဘေးကနေ မခွာပဲ အမြဲ အားပေးနေကြတဲ့ သူငယ်ချင်းတွေဖြစ်တဲ့ မြင့်မြတ်၊ ခင်လှိုင်၊ သားညီ၊ K ညီ နဲ့ ထူးခြား တို့ကိုလည်းသြဂုတ်လ(၆) ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ အဲဒီနောက် " စည်းလုံးသင့်ပြီ မြန်မာပြည်" သီချင်းအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ယုန်လေးကို စိတ်ဓာတ်မကျဖို့ အားပေးစကားဆိုခဲ့ကြတဲ့ မို့မို့မြင့်အောင်၊ထူးအယ်လ်လင်း နဲ့ အနုပညာရှင် ညီငယ်၊ ညီမငယ်တွေကိုလည်း ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ 

 "စည်းလုံးသင့်ပြီ မြန်မာပြည် " Music Video ကို သြဂုတ်လ (၄) ရက်နေ့ မနက် (၁၀) နာရီကျော်က Original Gangster Facebook Page ကနေ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေကြုံခဲ့ရပါတယ်။ ဒီဝေဖန်ပြောဆိုမှုတွေကြောင့် သြဂုတ်လ (၅) ရက်နေ့ နေ့လယ် (၂) နာရီဝန်းကျင်က အဆိုတော်ယုန်လေးကိုယ်တိုင် Original Gangster Facebook Page ကနေ ဖြုတ်ချလိုက်တာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က