အနုပညာလောကမှာ အထက်တန်း၊ အောက်တန်း မထားစေချင်ဘူး။

ကောင်းစံကတော့ ဇာတ်ကားရိုက်ကူးရေးတွေ မရှိသလောက် အနုပညာအလုပ်တွေ လုပ်ခွင့်မရတော့တဲ့ အကြောင်းပြောပြလာပါတယ်။  

Photo: Shwe Sin Hnin



ဟာသသရုပ်ဆောင်၊ လူရွှင်တော်ကောင်းစံကတော့ ဇာတ်ကားမရိုက်ရတော့လောက်အောင် အလုပ်တွေ ရှားပါးနေတဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 

“ ရုပ်ရှင်ရိုက်တာက တော်တော်ကို ကြဲလာပါတယ်။ မရှိသလောက်ကို ကြဲတာပါ။ ရုပ်ရှင်လောကမှာ အစုအဖွဲ့တွေ ရှိတယ်။ လက်သင့်ရာ ခေါ်တာများတယ်။ ငွေကြေးကြောင့်လည်းပါတယ်။ သူတို့ သက်သာတဲ့ အပိုင်းရွေးကြတယ်။ တချို့ကျတော့လည်း အရည်အချင်းကောင်းတာကို လိုချင်ကြတယ်။ အဲဒီ နှစ်မျိုးကြားထဲမှာ သရုပ်ဆောင်တွေက ရပ်တည်နေကြရတာ” ဆိုပြီးတော့ ရုပ်ရှင် သက်ကြီးပူဇော်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Shwe Sin Hnin

COVID-19 ကာလမှာ အလုပ်တွေ မလုပ်ရတဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေ အနေနဲ့ စီးပွားရေး အကြပ်အတည်း တော်တော်ဖြစ်ရတယ်လို့ ကောင်းစံက ပြောပါတယ်။ Covid မဖြစ်ခင်ကလည်း အနုပညာအလုပ်တွေ လုပ်ခွင့်မရတော့တဲ့ ဇာတ်ပို့ဇာတ်ရံ များစွာရှိတယ်လို့ သူက ဆိုပါတယ်။ 

“ ဖြစ်စေချင်တဲ့ ဆန္ဒကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးစေချင်တယ်။ ရုပ်ရှင်လောကမှာ အထပ်တန်း၊ အောက်တန်း ဆိုတာ မထားစေချင်ဘူး။ တစ်တန်းတည်း ထားစေချင်တယ်။ အခွင့်အရေးလိုချင်လို့ မဟုတ်ဘူး။ ဇာတ်ပို့ ဇာတ်ရံဆိုတာ ရတဲ့ပိုက်ဆံက နည်းတယ်။ ဒီတစ်ခု လုပ်နေလို့ နောက်တစ်ခု လုပ်နေလည်း လိုချင်တာပေါ့။ ဒါပေမယ့် အကြောင်း ကြောင်းတွေကြောင့် လုပ်ခွင့်မရဘူး။ လုပ်ခွင့် မရကြတဲ့ ဇာတ်ပို့ ဇာတ်ရံပေါင်းများစွာ ရှိပါတယ်။ ဒီလို အကြပ်အတည်းကာလမှာ လုပ်ခွင့်တွေသာ ပေးခဲ့မယ် ဆိုရင် လုပ်ခွင့်မရှိကြတဲ့ ဇာတ်ပို့ဇာတ်ရံတွေသည် စုတ်ပြတ်သတ်သွားရလောက်အောင် ဒုက္ခမရောက်ကြဘူးပေါ့ခင်ဗျာ” လို့ ဆိုပါတယ်။ 

Photo: Kyaw Lin (Kaung San)

ရုပ်ရှင်လောကမှာ အားသာရာ၊ ခင်မင်ရာတွေနဲ့ပဲ ရိုက်ဖြစ်ကြတာ များတဲ့ အတွက် တခြား ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေမှာ အခက်အခဲ ကြုံရတယ်လို့ ကောင်းစံက ရင်ဖွင့်ပြောပြလာပါတယ်။ 

“ အစ်ကိုကတော့ ခေါ်တဲ့လူတွေ ရှိမှ ရိုက်ရတာပေါ့။ နောက် တစ်ကားကြတော့ အပြည့်ပေးပါ့မယ်။ ဒီတစ်ကားမှာတော့ လျှော့ယူပါ ဆိုပြီးတော့ နောက်တစ်ကားကျတော့ မခေါ်တော့ဘူး။ အဲဒီလိုတွေလည်း ကြုံရတယ်၊ ပြီးရင် ဒီနေ့ ဒီရက်နော် ဆိုရင် ညီလေးရယ် ဒီဘက်မှာရိုက်နေတာ တစ်ရက် ကျန်နေလို့ အစ်ကို့ကို ညှိပေးပါဆိုလည်း မရဘူး။ ကိုယ်လည်း သွားလိုက်ရော အလုပ်ရှိလို့ဆိုပြီး ထွက်သွားတဲ့ လူတွေနဲ့ပဲ ပြန်ရိုက်ကြတာ များတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Shwe Sin Hnin

ကောင်းစံကတော့ ဟာသသရုပ်ဆောင် ၊ လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ သားဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်အားပေးခဲ့တာပါ။ အဲဒီနောက် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား တွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင်လာတာ တွေ့ရပါတယ်။ သူ့ရဲ့ အနုပညာ သက်တမ်း(၁၀) စုနှစ် တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က