နီးစပ်လာပြီလို့ထင်ပါတယ်။

ရုပ်ရှင်ရိုက်ကူးရေးတွေ ပြန်စနိုင်ဖို့၊ ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အဓိက အချက်အနေနဲ့ တင်ပြထားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။ 

Photo: Mingalar Group



Covid ကာလမှာ အနုပညာလုပ်ငန်းတွေ ရပ်နားခဲ့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ခဲ့ရပါတယ်။ အခုချိန်မှာ ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်နဲ့အတူ ရုပ်ရှင်ရုံ လုပ်ငန်းရှင်များ၊ ဒါရိုက်တာများ နဲ့ ထုတ်လုပ်သူများက သက်ဆိုင်ရာ ဝန်ကြီးများနဲ့ ဇွန်လ (၃၀) ရက်နေ့က နေပြည်တော်မှာ အစည်းအဝေး လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ အစည်းအဝေးမှာ အဓိက တင်ပြခဲ့တဲ့ အကြောင်းအရာတွေကို ဦးညီညီထွန်းလွင်က Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ နေပြည်တော်မှာ လုပ်တဲ့ အစည်းအဝေးမှာ အဓိက တင်ပြခဲ့တဲ့အရာတွေက ရိုက်ကူးရေးတွေနဲ့ ပတ်သက်တာရယ်၊ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့ ကိစ္စရယ်၊ ချေးငွေရယ်ပေါ့ ဒါတွေက လောကသားတွေအားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပါပဲ။ ရိုက်ကူးဖို့ရော၊ ရုံတွေ ပြန်ဖွင့်ဖို့ရော၊ ချေးငွေကိစ္စရော အကုန် နီးစပ်လာပြီ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ သူ့နည်း၊ သူ့ဟန်နဲ့ ချေးပြီး ဆောင်ရွက်နေကြတာတွေရှိတော့ နီးစပ်လာပြီလို့လည်း ထင်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Mingalar Group

ရုပ်ရှင်ရုံတွေ ပြန်ဖွင့်နိုင်ဖို့အတွက် ရုံပိုင်ရှင်တွေ ကိုယ်စား မင်္ဂလာရုပ်ရှင်ရုံတွေရဲ့ ဦးဆောင်သူ ဥက္ကဌ ဦးဇော်မင်းက အစည်းအဝေးမှာ တင်ပြခဲ့တာတွေရှိတယ်လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။ ပြန်လည် ဖွင့်လှစ်သွားဖို့ကိုတော့ အတိအကျ ပြောပြလို့ မရနိုင်သေးဘူးလို့ သူက ဆိုပါတယ်။  

“ ရုပ်ရှင် ရုံတွေ ပြန်ဖွင့်ဖို့ ဆိုတာက ဘယ်လို ဖွင့်ရမယ် ဆိုတာကိုပဲ တင်ပြရသေးတာ။ တကယ်လို့ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ် ဆိုရင်လည်း ၂ ခုံခြားရမယ်ပေါ့၊ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေကိုလည်း ဘယ်လို စနစ်နဲ့ ဘယ်လို ရောင်းမယ် ဆိုတာတွေကို မင်္ဂလာဦးဇော်မင်း ကိုယ်တိုင်က တင်ပြခဲ့တယ်။ လက်မှတ်ရောင်းဖို့တွေက အစ မလွယ်လောက်ဘူးလို့တော့ ထင်တယ်။ ရုံတွေဖွင့်ဖို့ ဒီလိုလေးတွေ ဆောင်ရွက်ပါမယ်ဆိုတာကိုတော့ တင်ပြထားတာလောက်ပါပဲ။ ဒါကြောင့် ရုံပြန်ဖွင့်ဖို့ ကိစ္စကိုတော့ အတိအကျ ပြောပြလို့ မရသေးဘူး။ နေပြည်တော်က အစည်းအဝေးမှာတော့ တင်ပြပြီးသွားပြီ။ ရုပ်ရှင်အစည်းအရုံး အနေနဲ့ကလည်း လောကသားတွေက စားဝတ်နေရေး အခက်အခဲရှိလို့ ရိုက်ကူးရေးတွေတော့ လုပ်ခွင့်ပြုပါ။ လုပ်ပါရစေဆိုပြီးတော့ တင်ပြထားပါတယ်။ အခြေအနေအရပေ့ါနော်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Mingalar Group

လက်ရှိမှာတော့ ရိုက်ကူးခွင့်တွေ အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီး (၃) ကား၊ ရုပ်သံဇာတ်လမ်းတွဲ (၆) ကား၊ ဗီဒီယို ဇာတ်ကား (၁) ကား နဲ့ ကြော်ငြာရိုက်ကူးရေး (၁၃) ခု ပြုလုပ်ဖို့အတွက် တင်ပြထားတာတွေရှိတယ်လို့ ဦးညီညီထွန်းလွင်က ဆိုပါတယ်။ ရိုက်ကူးရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ရှိသူ လူကြီးတွေ ကိုယ်တိုင် စစ်ဆေး မှုတွေ ပြုလုပ်ခဲ့ပြီးပြီလို့လည်း သိရပါတယ်။ MRTV-4 မှ ဇာတ်လမ်းတွဲရိုက်ကူးရေးနေရာ၊ ဒါရိုက်တာ လူမင်းရိုက်ကူးမယ့် “အောင်ဆန်း” ရုပ်ရှင် ရိုက်ကွင်းနေရာတွေကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနက ဆရာဝန်ကြီးတွေက သွားရောက် စစ်ဆေး ခဲ့ကြတယ်လို့ ဦးညီညီထွန်းလွင်က Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ 

Photo: Mingalar Group

Covid ကာလကြောင့် ရုပ်ရှင်လောကသား တချို့လည်း စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေက စားနပ်ရိက္ခာ ထောက်ပံ့ မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ စားဝတ်နေရေး ပြေလည်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ အနေနဲ့ကလည်း အနုပညာလောကသားအချင်းချင်း ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးခဲ့ကြပါသေးတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က