ဧရာဝတီ ဆိုတဲ့ ဇာတ်ကား ရိုက်ဖို့ရှိပါတယ်။

ရဲတိုက်ကတော့ အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရတဲ့ အချိန်မှာ ရုပ်ရှင်ကားကြီး ရိုက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

Photo: Ye Deight



သရုပ်ဆောင် ရဲတိုက်ကတော့ Covid ကာလ ပြီးလို့အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရရင် "ဧရာဝတီ" ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကား နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ကျွန်တော် မင်းသားတစ်ယောက်အနေနဲ့ အရင်တုန်းက စတိုင်လ်ကျကျ ဟန်ပါပါလေးနဲ့ အမှားမပါတဲ့ အမူအရာတွေကို ကျွန်တော် လုပ်ကောင်း လုပ်နိုင်ခဲ့လိမ့်မယ်။ အခုချိန်မှာတော့ တစ်ခါတလေမှာ အမူအရာ မှားချင် မှားနိုင်ပါလိမ့်မယ်။ တကယ်လို့ ဇာတ်ကားတွေ ပြန်ရိုက်ရပြီဆိုရင် ဧရာဝတီ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားရိုက်ဖို့ ပြောထားတာ ရှိပါတယ်။ ဆာတိုရီထုတ်လုပ်ရေးကပဲ ရမှာ။ ဒီဇာတ်ကားထဲမှာတော့ တပြုံးပြုံးလေးနဲ့ ကြည့်ရဦးမှာပါ" လို့ သူကဆိုပါတယ်။ 

Photo: Ye Deight

ရဲတိုက်ဟာ လက်ရှိမှာ Covid ကာလကြောင့်ရော၊ ကျန်းမာရေး အခြေအနေကြောင့်ပါ ဇာတ်ကားရိုက်ကူးရေးတွေ နားထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့အတွက်ကိုလည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။ 

“ဥပမာ အစ်ကိုက သမင်လေးတစ်ကောင်ပဲ ထားပါတော့။ နွံထဲကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားခဲ့တယ်ပေါ့။ အပြင်မှာလည်း ဒီလိုပဲ အခုလို ပြန်ဖြစ်လာဖို့ အခက်အခဲတွေက အများကြီးပဲ မလွယ်ကူဘူး။ ပြီးတော့ ကျွန်တော့် မျက်လုံးဆိုတာလည်း ပြန်ကောင်းဖို့ဆိုတာ အခက်အခဲပဲ။ ပြီးတော့ ပရိသတ်မကြိုက်တာကို တကယ် မလုပ်တော့ဘူးဆိုတာလည်း ကျွန်တော့်ရဲ့ ကတိစကားပါ။ ဒါကို မယုံတဲ့သူတွေ လည်းရှိ ကောင်းရှိပါလိမ့်မယ်။ ဒီအတွက် အများယုံကြည်အောင် ကြိုးစားနေရပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Ye Deight

ရဲတိုက်ဟာ ၂၀၁၇ ခုနှစ် အတွင်းမှာ ထောင်က လွတ်လာပြီးနောက်မှာ အာရုံကြောရောဂါနဲ့ ပတ်သက်တဲ့ ဝေဒနာ တစ်ခုကြောင့် ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာတော့ ကျန်းမာရေး အနည်းငယ် ပြန်ကောင်းလာတဲ့ အချိန်မှာတော့ "ဒဏ္ဍာရီမိုး" ရုပ်ရှင်ကားကြီးကို သရုပ်ဆောင် ရဲတိုက်အပါအဝင် ဒေါင်း၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့နဲ့ ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ သူ့ အနေနဲ့ ရိုက်ကူးရေးတွေမှာ မီးထိုး၊ မှန်ထိုး ဒဏ်တွေကြောင့် အာရုံကြောရောဂါ ပြန်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေ ပြန်လည် ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။သူ့ကိုတော့ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ အနေနဲ့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကား များစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က