၂၀၁၃ မှ၂၀၁၇ခုနှစ်အထိ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ သုံးထပ်ကွမ်း အကယ်ဒမီဆုရှင် လူမင်းက ယခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားများ ပေါက်ကြားမှု များပြားနေခြင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်သင့်တာ၊ လိုက်နာသင့်တာတွေကို မီဒီယာကနေတစ်ဆင့် အကြံပြုစကားဆိုခဲ့ပါတယ်။
Photo : ayarwadylumin
အခုတလော ရုပ်ရှင်ဇာတ်ကားတွေ အွန်လိုင်းပေါ်မှာ ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးရဲ့ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် လူမင်းက သူ့ရဲ့ထင်မြင်ယူဆချက်တွေကို မီဒီယာတွေကို အခုလို ပြောပြခဲ့ပါတယ်။
"အဲဒါက အရမ်းထိခိုက်နစ်နာပါတယ်။ ကိုယ်တို့တုန်းကတော့ ပညာရှင်တွေနဲ့ ပေါင်းပြီးတော့ အဖွဲ့လေးရှိတယ်။ တင်လို့ရှိရင်လည်း တင်တဲ့ ဝက်ဘ်ဆိုဒ်တွေ၊ ပေ့ချ်တွေကို ထိထိရောက်ရောက်အဟန့်အတားလည်း နေ့စဉ်နဲ့အမျှ မြန်မာကားတွေကို ရာနဲ့ထောင်နဲ့ချီပြီး ဖြတ်ချပေးနိုင်တဲ့ အစီအစဉ်တွေ လုပ်ခဲ့တယ်ပေါ့နော်။ အခုလို ပြန့်သွားတဲ့ဟာတွေဆိုရင် အရမ်းပဲ ထိခိုက်နစ်နာပါတယ်" လို့ လူမင်းက ဆိုပါတယ်။
ရုပ်ရှင်တစ်ကားကို အဆင့်ဆင့် တည်းဖြတ်စိစစ်ရတာဖြစ်တဲ့အတွက် ရုပ်ရှင်တစ်ကား မပြမီမှာ လူပေါင်းများစွာနဲ့ အလုပ်လုပ်ရတာဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် ဇာတ်ကားပေါက်ကြားမှုမဖြစ်အောင် ထုတ်လုပ်သူအနေနဲ့ စနစ်တကျ ကြပ်မတ်ဖို့လိုတယ်လို့ လူမင်းက ပြောပြပါတယ်။ အဲဒီလိုပဲ ဥပဒေပိုင်းကရော ပြည်သူတွေကပါ ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်တဲ့။
"ကာယကံရှင်တွေကိုယ်တိုင်ကလည်း ထိထိရောက်ရောက် တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ထိမ်းသိမ်းကြဖို့ လိုအပ်သလို ဥပဒေပိုင်းဆိုင်ရာလည်း ဆောင်ရွက်ဖို့ လိုအပ်တယ်။ ပရိသတ်တွေ၊ ပြည်သူတွေ အွန်လိုင်းပေါ်မှာ ရှိတဲ့သူတွေအားလုံးကလည်း Ethic ပေါ့နော်။ ကိုယ့်သိက္ခာတရားနဲ့ ထိန်းသိမ်းဖို့၊ နှစ်ပိုင်းလုံး ထိန်းသိမ်းမှ လုံခြုံမှာပါ" လို့ လူမင်းက အကြံပြုပါတယ်။
ပေါက်ကြားနေတဲ့ ရုပ်ရှင်တွေကို အွန်လိုင်း၊ Facebook ပေါ်မှာ ပြန့်အောင် ပြုလုပ်ခြင်းအပြင် ပြန်ပြီး မျှဝေ (Share) ခြင်းကလည်း ဥပဒေနဲ့ မလွတ်ကင်းကြောင်း လူမင်းက ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြန်ပေး ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို တက်ရောက်လာရင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
"အွန်လိုင်းမှာ ပြန့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေအတိုင်း အရေးယူခံကြရမှာ ဖြစ်ပါတယ်။ တချို့ Facebook သုံးတဲ့သူတွေက ဒါကို Share တာဟာ ပြစ်မှုမြောက်တယ်ဆိုတာကိုလည်း မသိကြဘူး။ တချို့ကျတော့လည်း ကိုယ့်ပေ့ချ်လေး ကိုယ့်အကောင့်လေး Like များဖို့ ဆိုပြီးတော့ အလွယ်တကူပဲ Share လိုက်တာ။ ပစ်မှုတစ်ခုကို ကျူးလွန်ရာရောက်တယ်ဆိုတာလည်း မသိကြဘူး" လို့ ဦးလူမင်းက ဆိုပါတယ်။
လူမင်းဟာ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၀၅ခုနှစ်မှာ ကျန်စစ်မင်းရုပ်ရှင်တို့နဲ့ မှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေ ရရှိခဲ့ပြီး ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ ရုပ်ရှင်ကားနဲ့ ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုတို့ကို ရရှိခဲ့ပါတယ်။ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင် လူမင်းက ၂၀၁၃ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ ဥက္ကဋ္ဌသက်တမ်း နှစ်ဆက်ပေါင်း လေးနှစ်ကျော်ကြာ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။