စိတ်ထဲမှာ တကယ်မပျော်ဘူး။

သဘင်ဥက္ကဌ ဖိုးချစ်ဟာ အမရပူရမှာ ရေကြီးနေတဲ့ သတင်းကြောင့် သဘင်သည်တွေ နဲ့ ပြည်သူတွေ အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။ 

Photo: Phoe Chit



ဖိုးချစ်ဟာ သဘင်ဥက္ကဌ တစ်ယောက်အနေနဲ့ "ပိုသူလှူ လိုသူကူ" ဆိုတဲ့ အွန်လိုင်းဈေးရောင်းပွဲတော်ကနေ ရရှိလာမယ့် ငွေကြေးတွေကို အခက်အခဲတွေ ကြုံနေရတဲ့ သဘင်သည်တွေအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် တမန်ကျိုးလို့ ရေကြီးနေတဲ့ အမရပူရမြို့မှာရှိတဲ့ သဘင်သည်တွေ၊ ပရိသတ်တွေ အတွက်လည်း သွားရောက် ကူညီနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ 

“ အခု အမရပူရမှာ တမန်ကျိုးလို့ ရေကြီးနေပြီဆိုတော့ မသွားလို့ မဖြစ်ဘူး သွားရဦးမယ်။ အဲဒီမှာ သဘင်သည်တွေရော၊ ပြည်သူလူထုတွေရော အများကြီးပဲ။ ဒီက ရောင်းလို့ရတဲ့ အလှူငွေလေးတွေနဲ့လည်း ထိန်းမယ်။ ပြီးတော့ အနီးအနားမှာ နားခိုလို့ရလောက်မယ့် တစ်နေရာလောက်ကနေ ထမင်းတွေ၊ ဟင်းတွေ ချက်ပြီးတော့ သူတို့ဆီကို လိုက်ပို့တာလေးတွေတော့ လုပ်ချင်တယ်။ လောလောဆယ် အလုပ်အကိုင် မရှိဘူးဆိုပေမယ့် သူတို့တွေကို အခုလို တွေ့ရတော့ နေရာတာ မပျော်ဘူး” လို့ Duwun ကို ပြောပြလာပါတယ်။ 

Photo: Phoe Chit

လက်ရှိမှာလည်း ဖိုးချစ်ကသဘင်ဥက္ကဌ တစ်ယောက်အဖြစ် “ပိုသူလှူ လိုသူကူ” ဆိုတဲ့ အစီအစဉ်လေးအတွက် ကိုယ်တိုင်ဟင်းချက်ပြီး ဈေးရောင်းနေတာဖြစ်ပါတယ်။ 

ဟင်းချက် ကျွမ်းကျင်တာတဲ့ အကြောင်းအရင်းကလည်း ငယ်စဉ်တုန်းက ဈေးရောင်းခဲ့ဖူးတဲ့အကြောင်း ပြောပြလာပါတယ်။ 

“ ဘူတာမှာ ထမင်းရောင်းခဲ့ဖူးတော့ မေမေက ဘူတာက ထမင်းသည်၊ ကျွန်တော်လည်း မေမေ ထမင်းရောင်းတာကိုလည်း ဝိုင်းကူတယ်၊ ကြက်ဥပြုတ်တွေလည်း ရောင်းခဲ့ဖူးတယ်။ ကျွမ်းကျွမ်းကျင်ကျင် ရောင်းခဲ့ဖူးတာပါ။ ရထားတွဲတွေမှာ ခုန်တက်ရတာ ၊ ခုန်ဆင်းရတာတွေ၊ ရထား ဥသြသံကြားပြီဆိုတာနဲ့ အဆင်သင့် ခင်းမယ့် ခုံ၊ အင်ဖက်တွေနဲ့ လွယ်အိတ်တစ်လုံးနဲ့ အနောက်က လိုက်ရတာပေါ့။ ထမင်း မှာပြီဆိုတာနဲ့ ခုံကိုချ ထမင်းထည့်ပြီး အင်ဖက်ခေတ် ဆိုတော့ အင်ဖက်လေးနဲ့ရောင်းရတာပေါ့။ ကျွန်တော်တောင် ဟိုတလောက စဉ်းစားနေမိသေးတယ် ဘူတာထမင်းလေး ရောင်းချင်တယ်လို့။ ကျွန်တော် ငယ်ငယ်တုန်းက ရောင်းခဲ့ရတဲ့ ဘူတာ ထမင်းပေါ့။ ဦးမိုးကတော့ အားပေးတယ်" လို့ သူက ဆိုပါတယ်။

Photo: Phoe Chit

ဖိုးချစ်ဟာ မြန်မာ့ဇာတ်သဘင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး နယ်ပရိသတ်များရဲ့ တခဲနက် အားပေးခြင်းကို ခံရတဲ့ မင်းသားဦးဖြစ်ပါတယ်။ ဇာတ်သဘင်လောကမှာလည်း နာမည်ကြီးသလို သူရှင်သန်ရာ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာ့ ဇာတ်သဘင်ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က