စာချုပ်ချုပ်လိုက်လို့ အောင်မြင်မှာလား တွေးမိတယ်။
Sabal Thwin

ဂီတကို ဝါသနာပါလွန်းသူတစ်ယောက်ဖြစ်တဲ့ လာဒင့်ထားရီကတော့ သူမရဲ့ သီချင်းအခွေလေး ပရိသတ်လက်ထဲရောက်ဖို့ တစ်ယောက်တည်း ရုန်းကန်ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။ သူမဟာ စာချုပ်ချုပ်ဆိုထားတဲ့ ကုမ္မဏီတွေလည်း မရှိဘူးလို့ ပြောပါတယ်။

Photo: Lar Dint Htar Yi

အဆိုတော် လာဒင့်ထားရီကိုတော့ ၂၀၁၇ ခုနှစ်က Galaxy Star Myanmar သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဂီတကို ဝါသနာပါသူဖြစ်ပေမယ့် ကုမ္မဏီတွေ နဲ့ စာချုပ်မချုပ်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ပြိုင်ပွဲတော်တော်များများကတော့ စာချုပ်ချုပ်ကြတယ်။ သူတို့ရဲ့ ကုမ္မဏီနဲ့ အလုပ်လုပ်ရမယ်ပေါ့။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်လည်း ဆုံးဖြတ်ဖို့လိုတယ်။ စာချုပ်ချုပ်လိုက်ပြီဆိုတာနဲ့ ငါတကယ်ရော ပေါက်မြောက်မှာလား၊ ကိုယ်ကိုယ်တိုင် တွေးလို့ရတယ်။ စာချုပ်အပေါ်မှာကြည့်ပြီးတော့မှ ဆုံးဖြတ်လို့ရတယ်၊ ညီမ စာချုပ်မချုပ်ဖြစ်တာကလည်း အဲဒါတွေကြောင့်ပါပဲ” လို့ ဆိုပါတယ်။

Photo: Lar Dint Htar Yi

ဂီတမျိုးရိုးလည်း မရှိသလို တစ်ယောက်တည်း ရုန်းကန်နေရတာဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီးရှိတယ်လို့ လာဒင့်ထားရီက ပြောပါတယ်။

“ တစ်ယောက်တည်း အလုပ်လုပ်နေရတဲ့အချိန်မှာတော့ ကိုယ်ပဲ မန်နေဂျာလုပ်၊ ကိုယ်ပဲ သီချင်းတွေလုပ်၊ တစ်ယောက်တည်း အကုန်လုပ်ရတာပေါ့နော်။ Entertainment ဆိုရင်တော့ အားလုံးက အစစအရာရာ အကုန်လုပ်ပေးမှာလေ။ အမေကလည်း အသက်ကြီးပြီ သိပ်လည်း လိုက်မလုပ်ပေးနိုင်တော့ဘူးလေ။ အဲဒီတော့ ကိုယ်တိုင်ရှိတဲ့ ခွန်အားလေးနဲ့ ကြိုးစားရတာပေါ့။ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်” လို့ သူကဆိုပါတယ်။

Photo: Lar Dint Htar Yi

အခုဆိုရင်တော့ လာဒင့်ထားရီရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ “မောင်အဆင်ပြေရဲ့လား” သီချင်းအခွေလေးဟာ ပရိသတ်အရှေ့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီအခွေကတော့ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေလေး ဖြစ်သလို ပင်ပန်းမှုတွေ အများကြီးနဲ့ ဖန်တီးထားတဲ့ အခွေလေးပါတဲ့။

“ ကိုယ်ကိုယ်တိုင် ဒီအခွေကို Product လုပ်ရတာပေါ့နော်။ ဖျော်ဖြေပွဲတွေမှာ ရတဲ့ ဆုကြေးလေးတွေကို စုပြီးတော့မှ သီချင်းတစ်ပုဒ်ဝယ်၊ သေချာလုပ်ပြီး အစစအရာရာပြင်ဆင်ရတာဆိုတော့ အခွေထွက်ဖို့ အချိန်လေးတွေက ကြန့်ကြာသွားတာပါ။ အခွေထဲမှာ သီချင်းအမြူးလေးဆိုလို့ တစ်ပုဒ်ပါတယ်။ ကျန်တဲ့ သီချင်းတွေကတော့ လုံးဝ အလွမ်းသီချင်းတွေပါ။ သီချင်း အသစ် ၃ ပုဒ် ပါပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့က “မောင် အဆင်ပြေရဲ့လား” တေးစီးရီးမိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Lar Dint Htar Yi

လာဒင့်ထားရီ ကိုတော့ Galaxy Star Myanmar သီချင်းဆိုပြိုင်ပွဲဝင် Top-12 ရွေးချယ်ပွဲမှာ ကမ္ဘာကျော်အဆိုတော် Adele ရဲ့ Make you feel My Love သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့အချိန်မှာ ပရိသတ်တွေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ လူမှုကွန်ယက် စာမျက်နှာပေါ်ကနေတဆင့် သူမရဲ့ Cover Song လေးတွေနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။ အခုချိန်မှာတော့ လာဒင့်ထားရီရဲ့ အသက်ဟာ ၁၉ နှစ်ပဲရှိပါသေးတယ်။  




ဆက်စပ်အကြောင်းအရာများ


က္က