ရုပ်ရှင်ကားကြီး အတူတူရိုက်နေပါပြီ။

မြင့်မြတ်ကတော့ သူငယ်ချင်းဖြစ်တဲ့ မိုးအောင်ရင်နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။ မိုးအောင်ရင်အတွက်လည်း မြင့်မြတ်က အားပေးစကားပြောခဲ့ပါသေးတယ်။

သရုပ်ဆောင်မြင့်မြတ်ကတော့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း မိုးအောင်ရင်နဲ့ အတူတူ အောက်ဆီဂျင် ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးနေတာဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက် အတူတူ အရင်တုန်းက အကြောင်းတွေ ပြန်ပြောရင်း ပျော်ရွှင်ရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



‘’ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်တယ်၊ လေးလည်း လေးစားပါတယ်။ ဘဝတစ်ခု အချိုးအကွေ့ပေါ့နော်။ စိတ်ဓာတ်အရမ်းမာတယ်။ လုံးဝ မပြိုမလဲပဲနဲ့ အရင်အတိုင်း ပျော်ပျော်ရွှင်ရွှင် နဲ့ ကျွန်တော့်သူငယ်ချင်းကို ပြန်တွေ့ရတဲ့အတွက် အရမ်းပျော်တယ်။ သူရင့်ကျက်လာတာတွေလည်းရှိပါတယ်။ အရင်တုန်းကတည်းက ရင်းရင်းနှီးနှီးပေါင်းခဲ့တဲ့ သူငယ်ချင်းဆိုတော့ သူ ရင့်ကျက်လာတာတွေ ကျွန်တော်မြင်တယ်။ ပြောသာ မပြောပြတတ်တာ’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် မြင့်မြတ်ဟာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ မိုးအောင်ရင်အတွက် အားပေးစကားပြောခဲ့ပါသေးတယ်။ မိုးအောင်ရင်ကတော့ အနုပညာ ဝမ်းစာပြည့်ပြီးသားပါပဲတဲ့။

‘’ အရင်ကတည်းက အနုပညာဝမ်းစာပြည့်ပြီးသား သူတွေပဲပေါ့နော်။ ဘာမှ အားငယ်စရာ မရှိဘူးပေါ့။ ကိုယ့်မှာလည်း ပညာပြည့်ပြီးသား၊ ဝမ်းစာပြည့်ပြီးသားပေါ့နော်။ အကောင်းဆုံး ကြိုးစားပါလို့ပဲ ကျွန်တော့် သူငယ်ချင်းကို ကျွန်တော် ပြောချင်ပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၂၈ ရက်နေ့က အောက်ဆီဂျင် ရုပ်ရှင်ကားကြီး ရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အောင်မြင်တဲ့ အနုပညာရှင်တွေထဲမှာ မြင့်မြတ်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အောင်မြင်မှုကြောင့် ရောက်ရှိလာမယ့် လမ်းမှားတွေကိုလည်း မရောက်မိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းဖြစ်တယ်လို့ မြင့်မြတ်က ဆက်လက်ပြောပြခဲ့ပါတယ်။

‘’သရုပ်ဆောင် တစ်ယောက်အနေနဲ့ကတော့ သာမန်လူလိုတော့ မဟုတ်ဘူး။ ဆုံးရှုံးသွားတာတွေတော့ အများကြီးပဲပေါ့နော်။ အဓိက ကတော့ လွတ်လပ်မှုပါပဲ။ ဒါကတော့ အဓိက အားဖြင့် ကိုယ့်စိတ်နဲ့ပဲ ဆိုင်တယ်လို့တော့ ကျွန်တော် မြင်ပါတယ်။ ကျွန်တော်ကတော့ ကိုယ့်မိသားစုနဲ့ အေးအေးဆေးဆေးပေါ့နော်။ သားလေးနဲ့ဆော့ချင်တယ်၊ ပျော်ချင်တယ်၊ အဲဒီစိတ်တွေကြောင့်ပဲ တခြားဘက်ကို စိတ်မရောက်တာဖြစ်ပါလိမ့်မယ်’’ လို့ သူကဆိုပါတယ်။

Photo: Moe Aung Yin

မြင့်မြတ်နဲ့ မိုးအောင်ရင်တို့ကတော့ ‘’အောက်ဆီဂျင်’’ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ နေပိုင်က ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ မိုးအောင်ရင်နဲ့ အတူ နေရဲ ၊ နေနော်၊ ရွှေမှုန်ရတီ၊ ရဲအောင် နဲ့ အောင်ခိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ သြဂုတ်လ ၂၀ ရက်နေ့ကတည်းက ရိုက်ကူးပုံဖော်နေတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က