နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ်။

ရေမွန်ကတော့ အခုချိန်မှာ သူချစ်ရတဲ့ မိသားစုကို ပြန်လည့်ကြည့်ရမယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း နယ်သာလန်မှာ ကျောင်းသွားတက်ပြီး ဂီတပညာနဲ့ ပတ်သက်တာတွေ လေ့လာတော့မယ်လို့ ဆိုပါတယ်။

Photo: Wai Moe Oo



ရေမွန်ကတော့ မြန်မာနိုင်ငံရဲ့ Rock ဂီတရေစီးကြောင်းမှာ လူငယ်တစ်ယောက်အနေနဲ့ အောင်မြင်မှုရရှိနေသူ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သိပ်မကြာခင်မှာတော့ နယ်သာလန် မှာ ကျောင်းသွားတက်တော့မယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော့်မှာ ရည်မှန်းချက်တွေရှိတယ်၊ မိသားစုကိစ္စလေးတွေရှိတယ်။ ကျွန်တော့် မိသားစုကို လှည့်မကြည့်ဖြစ်တာ အရမ်းကြာသွားလို့ အခု မိသားစုကို ပြန်လှည့်ကြည့်ရမယ်။ ကျောင်းသွားတက်ရမယ့် ကိစ္စလေးတွေလည်းရှိတော့ လောလောဆယ် ပိုက်ဆံကို တော်တော်ရှာနေရတယ်။ နယ်သာလန်မှာ ဂီတနဲ့ ပတ်သက်ပြီးကျောင်းသွားတက်မလို့။ တစ်နှစ်ပါပဲ ပရိသတ်နဲ့ အဆက်မပြတ်အောင်တော့ အွန်လိုင်းကနေ လုပ်လို့ရတာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Wai Moe Oo

နယ်သာလန်မှာ ကျောင်းသွားတက်မယ့် ရည်ရွယ်ချက်ကိုလည်း ရေမွန်က ပြောပြခဲ့ပြန်ပါသေးတယ်။ ဂီတအလုပ်တွေကိုလည်း နိုင်ငံတကာအထိ ထိုးဖောက်နိုင်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။

‘’ အဓိက ကတော့ အဆက်အသွယ်တွေလိုချင်တယ်၊ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ ဥစ္စာတစ်ခုခုလိုချင်တယ်။ အဲဒါဆိုရင်တော့ ကျွန်တော် Plan ထားတာတွေ အများကြီးရှိတယ်။ ပြီးတော့ International အထိ ကျွန်တော်တို့ လုပ်လို့ရတဲ့ Plan လေးတွေရှိတယ်။ ဒါကတော့ အလုပ်နဲ့ သက်သေပြတာပဲကောင်းပါတယ်။ အပြောကြီးနဲ့ဆိုရင်တော့ ငပေါကြီးဖြစ်နေလိမ့်မှာပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၉ ရက်နေ့ ညက ‘’ဆေးပေါင်းခတဲ့ ရန်ကုန်ည’’ ဂီတဖျော်ဖြေပွဲ စာနယ်ဇင်း အသိပေးပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Wai Moe Oo

ရေမွန်ဟာ ပညာရေးနဲ့ပတ်သက်ပြီး တက္ကသိုလ်ဝင်တန်းတောင် အောင်မြင်ခဲ့သူ မဟုတ်ပါဘူးတဲ့။ နယ်သာလန်မှာ ကျောင်းတက်ဖို့ကလည်း သူ့ရဲ့ ငယ်ငယ်ကတည်းက အိပ်မက် တစ်ခုလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

‘’ တိုက်ဆိုင်မှုလေးတွေရှိတာပေါ့နော်။ ကျွန်တော့်အသက် ၃၀ ပြည့်မွေးနေ့တုန်းက ဥရောပ ခရီးတွေ ထွက်ဖြစ်လိုက်တယ်။ ကျွန်တော် အိုင်စလန်ရောက်တော့မှ Europe မှာ နာမည်ကြီးတဲ့ ကျောင်းတစ်ကျောင်းပဲ euro rope institute ပေါ့။ အဲဒီကျောင်းမှာ Queen တို့ သွင်းထားတဲ့ Record တွေတောင်ရှိသေးတယ်။ အဲဒီကျောင်းနဲ့ ဆက်သွယ်မိသွားတယ်။ ကျွန်တော်က ၁၀ တန်းတောင်မအောင်ဘူး၊ စာလည်းမလုပ်ခဲ့ဘူး။ ဂီတကိုပဲလုပ်မယ် အချိန်ကုန်တယ်လို့တွေးခဲ့တာ။ တကယ်တမ်းကျောင်းတက်မယ်ဆိုရင် ဘွဲ့လက်မှတ်တွေ၊ တခြား စာရွက်စာတမ်းတွေလိုမှာလေ ကျွန်တော်ကတော့ အဲဒါတွေ ဘာမှမလိုဘူး ဒီအတိုင်းသွားတက်မှာ’’ လို့ သူကပြောပါတယ်။

Photo: Wai Moe Oo

ရေမွန်ကတော့ Idiots Band အဖွဲ့ခေါင်းဆောင် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ သူဟာ နာမည်ကျော်တေးရေးဆရာမ ခင်မြတ်မွန်ရဲ့ သား၊ အဆိုတော် လပြည့်ကဗျာရဲ့ အစ်ကို အရင်းတစ်ယောက်ဖြစ်ပါတယ်။ သူဟာ Rock ဂီတ ဖျော်ဖြေပွဲများစွာမှာလည်း Idiots Band နဲ့ အတူ တေးသီချင်းပေါင်းများစွာ သီဆိုခဲ့သူပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူတစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က