တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေပါပြီတဲ့

မိစန္ဒီက သူမရဲ့ ဘဝအကြောင်းတွေ၊ အသည်းကွဲချိန်မှာ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကို မကြာခင်ထွက်ရှိလာမယ့် တစ်ကိုယ်တော်အခွေသစ်ထဲမှာ ထည့်သွင်းရေးဖွဲ့ထားပါတယ်တဲ့။

Photo: မိစန္ဒီ

မိစန္ဒီက သူမရဲ့ အကြောင်းတွေကို ဖွင့်ဟဝန်ခံထားတဲ့ တစ်ကိုယ်တော်အခွေ အသစ်လေးအတွက် စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ သူမရဲ့ အသည်းကွဲတဲ့ ခံစားချက်တွေလည်း ထည့်သွင်းသီဆိုထားတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ဒီအခွေထဲမှာဆိုရင် မိစန္ဒီရဲ့ အသည်းကွဲတဲ့ ခံစားချက်တွေ၊ စိတ်ညစ်တဲ့ ခံစားချက်တွေပါမယ်။ ဒီအခွေအတွက်ကိုလည်း မျှော်လင့်ထားတာထက် အများကြီးရင်ခုန်တယ်။ ဒီအခွေမှာလည်း မိစန္ဒီရဲ့ ဆိုက်ကိုဆန်ဆန် တွေးတာတွေကို အရိုးသားဆုံး ဝန်ခံထားတဲ့ အခွေလေးပါ’’ လို့ သူကဆိုပါတယ်။

Photo: မိစန္ဒီ

မိစန္ဒီဟာ ဂီတလမ်းကြောင်းပေါ်မှာ ၁၀ စုနှစ်ကျော်ကြာပြီဖြစ်ပြီး ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေ နောက်ကွယ်က ဘဝအကြောင်းတွေကိုလည်း သီဆိုထားပါသေးတယ်တဲ့။

‘’ မိစန္ဒီရဲ့ ဘဝအကြောင်းတွေပါတယ်။ ပြီးတော့ စိတ်ညစ်ပြီးတော့ ရပ်တန့်သွားချင်တဲ့ အချိန်တွေရှိတယ်။ ဒါပေမယ့် ဆက်လျှောက်နေသေးတယ် ဆိုတဲ့ အကြောင်းအရာတွေပါမယ်။ လူတိုင်းကတော့ စိတ်ညစ်တာပဲ ဒါပေမယ့် ပရိသတ်တွေကို အချစ် သီချင်းကြီးပဲ ပေးနေရတာ မပေးချင်ဘူး။ မိစန္ဒီလည်း အသက်ကြီးလာပြီဆိုတော့ ကိုယ့်ရဲ့ ရင့်ကျက်မှုတွေကို ပရိသတ်တွေဆီ မျှဝေချင်တာပေါ့’’ လို့ Joox ရဲ့ Shake The World ပွဲမှာ ဖြေဆိုခဲ့ပါတယ်။

Photo: မိစန္ဒီ

သူမဟာ အခုဆိုရင်တော့ ရင့်ကျက်တဲ့ အတွေးအခေါ်တွေနဲ့ ရင့်ကျက်တဲ့ ဂီတဖန်တီးမှုတွေကို ကြိုးကြိုးစားစား ပြင်ဆင်ထားပါတယ်တဲ့။

‘’ ရင့်ကျက်တာထက် လူတွေကိုနားလည်သွားတာပေါ့နော်။ နေလည်း နေတတ်သွားတယ်၊ ဖြေလည်း ဖြေတတ်သွားတယ်လို့ ပြောရမှာပေါ့နော်။ အချစ်ရေးမှာလည်း ရင့်ကျက်သွားပြီ၊ ပေါင်းသင်းဆက်ဆံရေးနေရာမှာလည်း ရင့်ကျက်သွားပြီ၊ အလုပ်လုပ်တဲ့နေရာမှာလည်း ရင့်ကျက်သွားတာတွေ များတယ်။ ဒါတွေကလည်း လူတွေကြောင့်ပါပဲ’’ လို့ ဆိုပါတယ်။

Photo: မိစန္ဒီ

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က