သူမက လက်ရှိမှာ မေတ္တာသိင်္ဂဟအဖွဲ့နဲ့အတူ အလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။
Sabal Thwin

ဆောင်းယွန်းစံဟာ COVID-19 ကာလမှာ ကုသိုလ်ရေးတွေလုပ်လည်း ဝေဖန်သူတွေ ရှိနေတဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောလာပါတယ်။ 

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ COVID-19 ကာလမှာ စားဝတ်နေရေးအကြပ်အတည်းကြုံနေရတဲ့ ပရိသတ်တွေအတွက် မေတ္တာသိင်္ဂဟအဖွဲ့နဲ့ ပူးပေါင်းကာ အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ အလှူလုပ်နေပေမယ့်လည်း ဝေဖန်ခံရတာပဲလို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

“ အခြေခံလူတန်းစားတွေမှာ ရောဂါပိုး ကူးရင်ပိုဆိုးမှာ။ သူတို့က အရမ်းနီးနီးကပ်ကပ်နေကြတယ်၊ တချို့ကျတော့လည်း ကျန်းမာရေးအသိမရှိကြဘူး။ အဲဒီအတွက် အေးဆေးပါ၊ တုပ်ကွေးသာသာပဲပေါ့။ တချို့ကျတော့လည်း ဖုန်းမကိုင်ကြတော့ ဒီရောဂါကြီး ဘယ်လို ဖြစ်နေတယ်ဆိုတာ မသိနိုင်ဘူး။ ဒါကြောင့် သူတို့ အဆင်ပြေဖို့အတွက် တတ်နိုင်သလောက် လှူဒါန်းတယ်၊ ဒါဆို သူတို့လည်း အပြင်ထွက်စရာ မလိုတော့ဘူး။ အခုဆိုရင် ဆောင်းကိုယ်တိုင်လည်း မြင်နေတယ် ကုသိုလ်လုပ်တာတောင်မှ အပြောခံနေရတဲ့သူတွေ ရှိတယ်” လို့ ဆိုပါတယ်။ 

ဆောင်းယွန်းစံဟာ အနုပညာအလုပ်စလုပ်ကတည်းက ဝေဖန်မှုတွေ ကြုံခဲ့ရတာကြောင့် အခုချိန်မှာ သူမရဲ့ စိတ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်တာ ကြောင့်လည်း ချစ်တဲ့သူရှိသလို မုန်းတဲ့သူလည်း ရှိနိုင်တယ်လို့ သူက ပြောပါတယ်။ 

“ ကိုယ်ကတော့ ဝေဖန်ခံနေရတဲ့အပေါ် ဘာမှ မဖြစ်တော့ပါဘူး။ ရိုးနေပါပြီ။ ချစ်တဲ့သူကတော့ ချစ်သလို ပြောမှာပဲ မုန်းတဲ့သူကတော့ မုန်းသလို ပြောကြမှာပါ။ ဒါတွေကို အရင်တုန်းက အရမ်းခံစားရတယ်။ တစ်လောကလုံးက ကိုယ့်ကို မချစ်တော့သလိုမျိုး ခံစားခဲ့ရတာ။ ကိုယ့်ကို ၈ ယောက်လောက်က ချစ်ပြီး ၂ ယောက်လောက်က မုန်းနေရင် အဲဒီ ၂ ယောက်ရဲ့ စကားကို လိုက်ခံစားနေမိတာ။ နောက်ကျတော့ ကိုယ့်ကို ချစ်တဲ့ လူ ၈ ယောက်ရဲ့ မေတ္တာတွေကို ပြန်တွေးမိတာပေါ့။ လူ ၁၀ယောက်မှာ ကိုယ့်ကို ချစ်တဲ့ သူ ၃ ယောက်၊ ၄ ယောက်လောက်ပါရင်တောင် အဲဒီလူတွေရဲ့ ချစ်ခြင်းနဲ့ ကိုယ်က စိတ်ချမ်းသာအောင်နေတယ်။ ဒီလိုလေးကပဲ ကိုယ့်အတွက် အေးချမ်းပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။  

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က