အိစိကွေး အနုပညာအလုပ်တွေ ဆက်လုပ်မှာလား..။

အိစိကွေးကတော့ သူ့ရဲ့ ဘဝရှေ့ရေးအတွက် အနုပညာအလုပ်တွေဆက်လုပ်မလား၊ စီးပွားရေးအလုပ်လုပ်မလား၊ ရှေ့နေတစ်ယောက်အနေနဲ့ တွေ့ရမလား ဆိုတာနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

Photo: Sue Kxet Creation



သရုပ်ဆောင် အိစိကွေးက အခုလက်ရှိမှာ ဥပဒေ က ဒုတိယနှစ်၊ HNC ကတော့ ပထမနှစ်၊ DMA (Diploma in Management & Administration) စတဲ့ ပညာရပ်တွေကို လေ့လာဆည်းပူးနေသူပါ။ ဒါပေမယ့်လည်း အနုပညာလောကထဲမှာတော့ ဆက်ရှိနေဦးမှာပဲလို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’ ကျွန်တော့် ဘဝရည်မှန်းချက်နဲ့ ပတ်သက်ပြီး အမှန်အတိုင်းပြောရရင် ဒီအနုပညာအလုပ်တွေကို တစ်သက်လုံးအထိ လုပ်သွားချင်တယ်။ ဒါပေမယ့် အခြေအနေအပေါ် မူတည်ပြီးတော့ အများကြီး မလုပ်နိုင်ရင်တောင်မှ တဖြည်းဖြည်းနဲ့ လုပ်နေမယ်။ သေချာတာ တစ်ခုကတော့ ဒီ အနုပညာနယ်ပယ်ထဲမှာ ကျွန်တော်ရှိနေမှာပါ’’ လို့ ဆိုပါတယ်။

Photo: Ei Si Kway

ဒါပေမယ့် သူဟာ တတ်ထားတဲ့ ပညာရပ်တွေနဲ့ ဘဝအာမခံချက် တစ်ခုခုကို ပေးနိုင်မယ့် အရာကိုလည်း လုပ်ဆောင်သွားဦးမယ်လို့ဆိုပါတယ်။

‘’ ဘဝအတွက် အာမခံချက်တစ်ခုပေးနိုင်မယ့်အလုပ်တစ်ခုဆိုရင်တော့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ အသက်မွေးဝမ်းကျောင်းပြုမလား၊ စီးပွားရေးနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုမလားဆိုတာကို အခုချိန်မှာတော့ ကြိုပြောလို့မရဘူးပေါ့နော်။ သေချာတာ တစ်ခုကတော့ ကျွန်တော် ကျောင်းပြီးသွားတဲ့ အချိန်ရောက်မှပဲ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချရမှာပေါ့’’ လို့ပြောပါတယ်။

Photo: Ei Si Kway

အိစိကွေးက မကြာခဏဆိုသလိုလည်း ကလေးဘဝတုန်းက ဓာတ်ပုံလေးတွေ ပြန်တင်လေ့ရှိပါတယ်။ ဒီဓာတ်ပုံလေးတွေကလည်း ပရိသတ်ရင်ထဲကို ရောက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်း ဓာတ်ပုံလေးတွေ ဖြစ်ပါတယ်။

‘’ ငယ်ငယ်တုန်းကကျတော့ အခုထက်စာရင် အနုပညာအလုပ်နဲ့က အမြဲတမ်း ထိတွေ့နေတာဆိုတော့ အဲဒီတုန်းကနဲ့ ပတ်သက်တဲ့ အမှတ်တရတွေက အများကြီးပါပဲ။ ငယ်ငယ်တုန်းက ပုံတွေ ပြန်တင်ဖြစ်တာကလည်း ပရိသတ်တွေကို ပြန်ပြီးတော့ သတိရစေချင်တာပေါ့နော်။ ကျွန်တော် အရင်တုန်းက အနုပညာအလုပ်လေးတွေ ဒီလိုလုပ်ခဲ့တယ်။ ဒါကြောင့် အရင်တုန်းက အကြောင်းလေးတွေကို ပြန်သတိရပေးကြပါဆိုတဲ့ စိတ်နဲ့ပါ’’ လို့ သူကဆိုပါတယ်။

Photo: Ei Si Kway

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ “တုနှိုင်းမရတဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူဟာ သရုပ်ဆောင်အလုပ်နဲ့ ဂီတအလုပ်တွေကို မျှမျှတတ လုပ်ကိုင်ခဲ့တာတွေလည်းရှိပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က