ရွှေမှုံရတီလည်း ပါဝင်သရုပ်ဆောင်သွားမှာပါ။
Sabal Thwin

ရွှေထူး နဲ့ ရွှေမှုံရတီတို့ပါဝင်သရုပ်ဆောင်သွားမယ့် “ကမ်း” ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကတော့ ရွှေထူးရဲ့ အိုင်ဒီယာလေးကို ပုံဖော်မယ့် ဇာတ်ကားပါတဲ့။ 

ရွှေဇနီးမောင်နှံပါဝင်မယ့် “ကမ်း” ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကန်တော့ပွဲကိုတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်း က ရွှေတိဂုံစေတီတော် ကြီးရဲ့ အောင်မြေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးသွားမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ကမ်း ဇာတ်ကားကတော့ ရွှေထူးပြောတဲ့ ဇာတ်လမ်းကို ကျွန်တော်တို့တွေ ဝိုင်းပြီးတော့ ထပ်ဖြည့်ကြရင်း ဖြစ်လာမယ့် ဇာတ်လမ်းလေး တစ်ခုပေါ့နော်။ ခပ်ဆိုးဆိုး လူငယ်လေး နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။ လူငယ်တွေ စဉ်းစားထားတဲ့ ဇာတ်လမ်းဖြစ်တယ်၊ ကျွန်တော်တို့ မစဉ်းစားလိုက်မိတဲ့ ဇာတ်လမ်းမျိုးပါ။ အချစ်တော့ အချစ်ပဲ၊ သူတို့ စဉ်းစားထားတဲ့ အချစ်က ပုံစံတစ်မျိုးပေါ့” လို့ သူကဆိုပါတယ်။ 

ရွှေထူးကလည်း “ကမ်း” ရုပ်ရှင်ဇာတ်ကားအတွက် သီချင်းအသစ်တွေ ပုံဖော်ထားတယ်လို့ ရွှေမှုံက ပြောပါတယ်။ ဒီဇာတ်ကားထဲက ရွှေမှုံရတီရဲ့ ကာရိုက်တာကိုလည်း ရွှေထူးရဲ့ သဘောကျရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ရွှေမှုံရတီက ပြောပါတယ်။ 

“ ကိုရွှေထူးကတော့ သူ့မိန်းမကို ဖြစ်စေချင်တာလေးတွေ၊ ရိုက်ချင်တဲ့ ပုံစံလေးတွေကို လွန်ခဲ့တဲ့ တစ်လ လောက်ကတည်းက သူပြောနေတာ။ ဒီဇာတ်ကားကို သူ သေသေချာချာလေး စဉ်းစားထားတာပေါ့နော်။ ဒီဇာတ်ကားကကျတော့ သူရိုက်ချင်တဲ့ ပုံစံလေးကို ရိုက်မှာပေါ့။ သဲကိုလည်း သူရိုက်စေချင်တဲ့ပုံစံမျိုးပါ” လို့ သူကဆိုပါတယ်။  

“ကမ်း”ရုပ်ရှင်ဇာတ်ကားထဲမှာ နောက်ထပ်ပါဝင်မယ့် မင်းသမီးချောလေးကတော့ ခေးဆက်သွင်ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ၂၀၂၀ ခုနှစ်မှာ သူမအတွက် ပထမဆုံးရိုက်ကူးဖြစ်တဲ့ ရုပ်ရှင်ကားကြီးဖြစ်တယ်လို့ သိရပါတယ်။ 

“ ခေးရဲ့ ကာရိုက်တာကတော့ ထုံးစံအတိုင်း အေးအေးချမ်းချမ်း ကောင်မလေး ပုံစံလေးပါ။ ကိုရွှေထူးတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံးက အနုပညာအရည်အသွေး ပြည့်ဝကြတဲ့အတွက် ခေးအနေနဲ့ ဒီဇာတ်ကားမှာ ပါဝင်ခွင့်ရတာ ဝမ်းလည်း ဝမ်းသာတယ်၊ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ အဆင်လည်းပြေပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက “ကမ်း” ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ကမ်း” ရုပ်ရှင်ဇာတ်ကားကြီးကို 7 Sense Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ရွှေထူး၊ ရွှေမှုံရတီ၊ ချိုပြုံး၊ စိုးမြတ်သူဇာ နဲ့ ခေးဆက်သွင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာပါတဲ့။ ဒီရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီလအတွင်းမှာ ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က