Myanmar idol (Season-4) ပြိုင်ပွဲဝင်တွေရဲ့ ကံတရားပါပဲ။
Sabal Thwin

ဖြူဖြူကျော်သိန်းက Myanmar Idol (Season-4) ပြိုင်ပွဲဝင်တွေထဲက Winner ဆုရနိုင်မယ့်လူကို ပရိသတ်တွေက ရွေးချယ်ရတော့မယ်လို့ဆိုပါတယ်။ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကလည်း အကြိုက်တူမှာ မဟုတ်ဘူးလို့သူကပြောပါတယ်။

Photo: Phyu Phyu Kyaw Thein

ဖြူဖြူကျော်သိန်းကတော့ Myanmar idol(Season-4) သီချင်းဆိုပြိုင်ပွဲရဲ့ အကဲဖြတ် ဒိုင်တစ်ဦးအနေနဲ့ ပါဝင်နေတာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ၁၁ ယောက်စလုံးရဲ့ ကံတရားကတော့ ပရိသတ်တွေနဲ့ သက်ဆိုင်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ပရိသတ်ကပဲရွေးချယ်ရတော့မှာပါ။ ပရိသတ် Voting အပေးဆုံး ကလေးကပဲ Winner ရသွားမှာပေါ့လေ။ Voting ပေးတဲ့အခါကျရင်လည်း ကလေးတွေရဲ့ အနုပညာအရည်အသွေး၊ ဘယ်လောက်အထိ သူတို့နဲ့ သဟဇာတဖြစ်တယ်ဆိုတဲ့အပေါ် မူတည်ပြီးတော့ ရွေးချယ်နိုင်ကြလိမ့်မယ်လို့လည်း ဖြူဖြူက မျှော်လင့်ယုံကြည်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Phyu Phyu Kyaw Thein

ဖြူဖြူကျော်သိန်းဟာ Myanmar idol (Season-4) Top-11 ကိုတော့ ပြိုင်ပွဲဝင်ပေါင်း ထောင်ဂဏန်းထဲကမှ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အားလုံးကလည်း ကြိုးစားကြတာကြောင့် Winner ဆုရှင်ဘယ်သူဖြစ်ဖြစ် ကျေနပ်တယ်လို့ ဆိုပါတယ်။

‘’ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီကနေယှဉ်ပြိုင်လာတဲ့အခါမှာ တစ်ပွဲကောင်းမဟုတ်ပဲ သူတို့ရဲ့ ကြိုးစားမှု ဘယ်လိုရှိတယ်ဆိုတဲ့အပေါ်မှာ အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး ဒေါင်ဒေါင်မြည်တွေထဲကမှ ၁၁ ယောက်ကို ဖြူဖြူတို့ ရွေးထုတ်ပေးလိုက်ပြီးပါပြီ။ ဖြူဖြူ့ခံစားချက်နဲ့ပြောရမယ်ဆိုရင်တော့ ဒီ ၁၁ ယောက်ထဲက ဘယ်သူပဲ Winner ဖြစ်သွားပါစေ ဖြူဖြူကတော့ ကျေနပ်တယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့က Myanmar Idol (Season-4) ရဲ့ Top-11 မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Phyu Phyu Kyaw Thein

Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးကတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေ စောင့်မျှော်အားပေးရတဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီတိုင်းကိုလည်း အားပေးတဲ့ ပရိသတ်တွေ မတူညီကြပါဘူး။ ဒါကြောင့် သဘောထားမတိုက်ဆိုင်တာတွေလည်း ဖြစ်လာနိုင်တယ်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

‘’ သန်းပေါင်းများစွာရှိနေတဲ့ ပရိသတ်တွေထဲမှာ အကြိုက်ကလည်း သန်းနဲ့ချီပြီး ကွဲလွဲနေမှာပဲလေ။ ဒါဟာသဘာဝပဲဆိုတဲ့အခါကျတော့ ဘယ်အရာမဆို အကြည်ဓာတ်လေးနဲ့ကြည့်မယ်ဆိုရင် ကုသိုလ်လည်းရတယ်။ မတူညီတဲ့ အားပေးမှု၊ ဝေဖန်မှုတွေရှိတယ်ဆိုတာ ဖြူဖြူလက်ခံပါတယ်။ ဒိုင် ၃ ယောက်တောင်မှ အကြိုက်ချင်းတူတာမှမဟုတ်တာ၊ အမှတ်ပေးတဲ့အခါမှာတောင် အမှတ်က တစ်သတ်မတ်တည်း ထွက်ကြတာမှမဟုတ်တာ။ ပြန်ပေါင်းလိုက်တဲ့ အခါမှသာ ရတဲ့အပေါ်မှာ မူတည်ပြီးတော့ ဖြူဖြူတို့ ရွေးချယ်ကြတာ။ အကြိုက်ဆိုတာ အများကြီး ကွဲလွဲနိုင်ပါတယ်’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြလာပါတယ်။

Photo: Phyu Phyu Kyaw Thein

Myanmar idol (Season-4) Top-11 တွေရဲ့သီဆိုယှဉ်ပြိုင်မှုကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့ ညက စပြီး အားပေးကြည့်ရှုနိုင်ပြီလို့ သိရပါတယ်။ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကိုတော့ အတွင်းကြေ သီချင်းကနေ ပရိသတ်တွေ ပိုပြီး သတိထားအားပေးလာကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ


က္က