ရန်အောင်နဲ့ ပြေတီဦး တို့က ပြောပြလာပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရုံတင်ပြသသွားမယ့် ''ဝက်ဝက်ကွဲအောင်ပွင့်'' ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို ရန်အောင်နဲ့ ပြေတီဦးတို့က အနည်းငယ် ပြောပြလာပါတယ်။ ဒီဇာတ်ကားဟာ LGBT အသိုင်းအဝိုင်းကြားမှာ ဝေဖန်မှုတွေများခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

Photo: ဝက်ဝက်ကွဲအောင် ပွင့်

နာမည်ကျော်သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားတဲ့ ‘’ဝက်ဝက်ကွဲအောင် ပွင့်’’ ရုပ်ရှင်ကားကြီး အထူးပြပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည က Junction City မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ LGBT တွေကို နှိမ့်ချတဲ့ ဇာတ်ကားမဟုတ်တဲ့အကြောင်း ပါဝင်သရုပ်ဆောင်ထားတဲ့ အကယ်ဒမီ ရန်အောင်က မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ဒီဇာတ်ကားကို စရိုက်ကတည်းက LGBT တွေကို စော်ကားထားတာ တစ်ခုမှမပါဘူး။ တချို့တွေပြောတာ ကြားဖူးတယ် မိန်းမလျာတွေဆိုရင် နောက်စရာ၊ ပြောင်စရာလူလို့ သတ်မှတ်ကြတယ်ပေါ့နော်။ အဲဒါကလည်း ချစ်စရာကောင်းလို့ဖြစ်မှာပါ။ တကယ်လည်း အပြင်မှာ ချစ်စရာကောင်းနေတာကိုး။ မိန်းမလျာလေးလည်း ချစ်စရာကောင်းတယ်၊ ယောကျ်ားလျာလေးလည်း သူ့ဘာသာသူ ယောကျ်ားလေးဟန်ဆောင်ထားတာ ချစ်စရာကောင်းတယ်။ အဲဒီအပေါ်မှာတော့ ချစ်လို့နာတာဖြစ်တဲ့အတွက် အထင်မလွဲစေချင်ပါဘူး။ ဒီဇာတ်ကားထဲမှာလည်း ဒီလိုပုံစံလေးတွေပါပဲ။ စော်ကားထားတာ နှိပ်ကွပ်ထားတာတု့ိ မရှိပါဘူး’’ လို့ ဆိုပါတယ်။

Photo: ဝက်ဝက်ကွဲအောင်ပွင့်

အဲဒီနောက် ဇာတ်ကားတစ်ကားလုံးရဲ့ အဓိက ဇာတ်ဆောင်နေရာမှာ ယောကျ်ားလေးစစ်စစ်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ပြေတီဦးကလည်း ရိုက်ကွင်းပေါ်က အမှတ်တရတွေ ပြောပြလာပါသေးတယ်။

‘’ဒီဇာတ်ကားရိုက်နေတဲ့အချိန်မှာ အရမ်းပျော်ဖို့ကောင်းတယ်။ နောက်ကြ၊ ပြောင်ကြ နဲ့ပေါ့။ မကြီးစန်းတို့လည်း လာပြီး အားပေးကြတယ် ဆိုတော့ ဝမ်းသာတယ်။ ဒီဇာတ်ကားကလည်း ချစ်စရာကောင်းတဲ့ ကားလေးလို့လည်း အပြုသဘောဆောင်တယ်။ ရုံတင်ပြီးတော့ ကြည့်ပြီးတဲ့ အချိန်မှာလည်း ဝေဖန်ပေးစေချင်ပါတယ်။ တကယ်ကို ပျော်စရာကောင်းတဲ့ ဇာတ်ကားပါ’’ လို့ သူကဆိုပါတယ်။

‘’ဝက်ဝက်ကွဲအောင်ပွင့်’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ ပထမဆုံး ဇာတ်ကားထွေလာဖြစ်တဲ့ ဥက္ကာမင်းမောင်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုကို မိတ်ဆက်ပေးလိုက်တဲ့အချိန်က LGBT ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ ပြင်းထန်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီအတွက်လည်း ဥက္ကာမင်းမောင်ကိုယ်တိုင်က ဇာတ်ကား အစအဆုံး သေသေချာချာ ကြည့်ရှုဖို့အတွက် သူ့ရဲ့ ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်ပေ့ချ်ကနေ မေတ္တာရပ်ခံ စကားဆိုခဲ့ပါတယ်။

ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရန်အောင်၊ ပြေတီဦး၊ ဥက္ကာမင်းမောင်၊ ထွန်းလွင်အောင်၊ ဝေလျှံ၊ မင်းဇေ၊ စိုးမြတ်သူဇာ၊ မိုးပြည့်ပြည့်မောင်၊ ဝတ်မှုံရွှေရည်၊ ယွန်းရွှေရည်၊ နန်းခင်ဇေယျာ နဲ့ ရွှေပိုးအိမ်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကြီးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။



က္က