အမြန်ဆုံး ကျန်းမာပါစေ။

ဂွမ်းပုံကြီးက နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ဆေးရုံတက်နေရတာဖြစ်ပြီး အမြန်ဆုံးကျန်းမာစေဖို့ ဆုတောင်းပေးပါလို့ ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။ အနုပညာညီအစ်မတွေဖြစ်တဲ့ မမများအဖွဲ့ကလည်း အားပေးစကားပြောခဲ့ကြပါတယ်တဲ့။

Photo: ဂွမ်းပုံကြီး



ဇာတ်ပို့သရုပ်ဆောင် ဂွမ်းပုံကြီးဟာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရုတ်တရက် ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။ လောလောဆယ် ဆေးရုံပေါ်က ကျန်းမာရေးအခြေအနေကို ဂွမ်းပုံကြီး ကိုယ်တိုင် Duwun Media ကို ပြောပြလာပါတယ်။

‘’ နှလုံးသွေးကြောကျဉ်းလို့ ရုတ်တရက်ကြီး ဆေးရုံတက်လိုက်ရတာပါ။ ဆေးစစ်တဲ့အဖြေလွှာကတော့ ပေါင်ကနေပြီး ကြိုးတစ်ချောင်းသွင်းရမယ်တဲ့။ အခုချိန်ထိ ဆေးရုံမှာပဲ။ ခွဲစိတ်တာကတော့ လကုန်လောက်မှပါပဲ။ အခုလောလောဆယ်ကတော့ ချက် ပတ်လည်ကို ဆေးထိုးနေရတယ်။ အဲဒါတွေ ပြီးသွားတော့မှ ခွဲစိတ်ဖို့ ရက်ချိန်းပေးမှာ။ ပရိသတ်တွေလည်း နေကောင်းအောင် ဆုတောင်းပေးကြပါ’’ လို့ ဖြေဆိုခဲ့ပါတယ်။

Photo: ဂွမ်းပုံကြီး

ဆေးရုံတက်နေရတဲ့ ဂွမ်းပုံကြီးအတွက် အနုပညာညီအစ်မတွေ ဖြစ်ကြတဲ့ မမများအဖွဲ့ကလည်း သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောခဲ့ကြတယ်လို့ ဝါဝါအောင်က ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

‘’မြောက်ဥက္ကလာပ နှလုံးအထူးကုဆေးရုံမှာ ခေတ္တခဏတက်ရောက် ဆေးကုသခံယူနေတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဂွမ်းပုံကြီးထံ မမများအဖွဲ့သွားရောက်၍ မမများအဖွဲ့ရဲ့ အစဉ်အလာအတိုင်း ကူညီပံ့ပိုးအားပေး စကားပြောပေးခဲ့ကြပါတယ်’’ ဆိုပြီးတော့ မတ်လ ၁၈ ရက်နေ့ ည ၈ နာရီခွဲအချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: ဂွမ်းပုံကြီး

ဂွမ်းပုံကြီးဟာ အနုပညာလောကထဲကို အသက် ၈ နှစ်ကျော်၊ ၉ နှစ်လောက်ကတည်းက ပြဇာတ်တွေ ကရင်းနဲ့ ဝင်ရောက်လာခဲ့တာပါ။ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ ဇာတ်ပို့တစ်ယောက်အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ အမေ ကာရိုက်တာ၊ အဒေါ်ကာရိုက်တာတို့ကို ဗီဒီယိုဇာတတ်ကား ရုပ်ရှင်ဇာတ်ကားတွေမှာ အများအပြား သရုပ်ဆောင်ရသူဖြစ်ပါတယ်။ အနုပညာသက်တမ်းကြာလာတဲ့အချိန်မှာတော့ ပရိသတ်ပေးတဲ့ နေရာတစ်နေရာ ရရှိလာခဲ့ပါတယ်။

Photo: ဂွမ်းပုံကြီး

သူမရဲ့ အနုပညာသက်တမ်းကလည်း အရမ်းကို ကြာနေပြီဖြစ်ပါတယ်။ လက်ရှိအချိန်အထိ လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတုန်းဖြစ်ပါတယ်။ ဂွမ်းပုံကြီးရဲ့ ခင်ပွန်းဖြစ်သူ ဦးချစ်ပြုံးကလည်း ကျန်းမာရေး မကောင်းတာကြောင့် အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်တာ မတွေ့ရတော့ပါဘူး။ သူတို့မှာတော့ လိမ္မာရေးခြားရှိတဲ့ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားတယ်လို့ ဂွမ်းပုံကြီးက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က