နာမည်ကျော် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားတဲ့ “သောင်းတိုက်က ကြားစေသား”ရုပ်ရှင်ကားကြီးကို ဇန်နဝါရီလ ၃၀ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားထဲမှာ ပရိသတ်တွေ ဗဟုသုတရစေမယ့်အကြောင်းအရာတွေပါဝင်တယ်လို့ သိရပါတယ်။ 

“သောင်းတိုက်က ကြားစေသား” ရုပ်ရှင်ကားကြီး အထူးပြသပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ လူငယ်ဆရာဝန် တစ်ဦးရဲ့ စိတ်နေစိတ်ထား တွေကို အဓိကထားဖော်ပြထားတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားလေးအကြောင်းကိုလည်း လူမင်းက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“ ဒီဇာတ်ကားထဲက လူငယ်ဆရာဝန်လေးရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ အကြောင်းကို ဖြစ်နိုင်ရင် ကမ္ဘာမြေတစ်ခွင်သာမက သောင်းတိုက်က ကြားပါစေပေါ့။ လူငယ်လေးတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုး၊ အနစ်နာခံတတ်တာတွေကို အပြင်ပိုင်းက ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာမျိုးကို ဆိုလိုချင်တာပါ။ ၁၉၈၈၊ ၁၉၉၀ ဝန်းကျင်ကို အခြေခံထားတာ ဖြစ်တယ်။ ဒိတ်အောက်သွားမယ့် ဇာတ်ကားလည်း မဟုတ်ဘူး။ ပြီးတော့ ဒီဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာကလည်း ဇာတ်ကောင်၊ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့ ဒါရိုက်တာပါ” လို့ ဆိုပါတယ်။ 

Photo: သောင်းတိုက်က ကြားစေသား

သရုပ်ဆောင် ခြူးလေးကလည်း “သောင်းတိုက်က ကြားစေသား” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဆရာဝန်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဒီဇာတ်ကားမှာ ခြူးလေးနဲ့ မြတ်သူကျော် တို့ကို ဆရာဝန်တွေအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ 

“ ဒီဇာတ်ကားကတော့ မေမေတို့ ၁၀ တန်းအရွယ်ခေတ်ပေါ့နော်။ ဒါပေမယ့် ဇာတ်ညွှန်းကို ဖတ်လိုက်တဲ့အချိန်မှာ ကာရိုက်တာကိုပဲ ဈာန်ဝင်စားပြီးတော့ ရိုက်ရမှာဖြစ်တဲ့အတွက် ဇာတ်လမ်းလို့ပဲ သဘောထားတယ်၊ ကိုယ်သရုပ်ဆောင်ရမယ့် ကာရိုက်တာလို့ပဲ သဘောထားပြီးတော့ ရိုက်လိုက်တာပေါ့လေ” လို့ သူကဆိုပါတယ်။ 

“သောင်းတိုက်က ကြားစေသား” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်အားပေးခဲ့တဲ့ သရုပ်ဆောင်ဖိုးချစ်ရဲ့ ဇာတ်ကားအပေါ် သုံးသပ်မှုလေးကိုလည်း အင်တာဗျူးတွေမှာ ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ ဒီဇာတ်ကားက ကောင်းပါတယ်။ တကယ်လို့ အသေးစိပ် အပြစ်ရှာမယ်ဆိုရင်တော့ ရှိကောင်းရှိနိုင်လိမ့်မယ်။ ဒါပေမယ့် စေတနာရယ်၊ ကြိုးစားမှုရယ်၊ ပေးချင်တဲ့ Message ရယ် ဆင့်ပွားပြီး ထပ်တွေးစရာလေးတွေ လက်ခံ ကျင့်သုံးစရာလေးတွေ အများကြီး တွေ့ရမှာပါ။ ကောင်းပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက “သောင်းတိုက်က ကြားစေသား”ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“သောင်းတိုက်က ကြားစေသား” ရုပ်ရှင်ဇာတ်ကားကြီးကို ပန်းသခင် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ထွန်းအောင်ဇော်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရန်အောင်၊ လူမင်း၊ ပြေဇင်၊ မြတ်သူကျော်၊ မယ်လိုဒီ၊ ခြူးလေး၊ ဝင်းသပြေထွန်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဇန်နဝါရီလ ၃၀ ရက်နေ့က စပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က