''ကျွန်တော့်ရဲ့သူ''ရုပ်ရှင်ကားကြီး ရိုက်ကူးတော့မှာပါ။

နေတိုးနဲ့ မိုးဟေကို တို့ကို ၃ နှစ်အကြာမှ ‘’ကျွန်တော့်ရဲ့သူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အတွဲသရုပ်ဆောင်မှုတွေ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇူလိုင်လ အတွင်းမှာ ရိုက်ကူးသွားမှာပါ။

‘’ကျွန်တော့်ရဲ့ သူ’’ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို ဇူလိုင်လ ၁၇ ရက်နေ့က ရွှေတိဂုံစေတီတော်မှာပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုးနဲ့ မိုးဟေကို တို့ရဲ့အတွဲသရုပ်ဆောင်မှုတွေကို မြင်တွေ့ရမှာပါ။ ဒါကြောင့် ဒီဇာတ်ကားထဲက အကြောင်းအရာနဲ့ ပတ်သက်ပြီး နေတိုးက မီဒီယာအင်တာဗျူး တွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ဒီဇာတ်ကားက Romance နဲ့ Drama နဲ့ ရောထားတဲ့ ဇာတ်ကားပါ။ တင်ပြမှုပုံစံလေးကိုလည်း ဆန်းသစ်ထားတယ်။ ဒီဇာတ်ကားက ပိုပြီးတော့ လေးနက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့သူ ဖြစ်နေတော့ မိသားစုပုံစံလေး သွားတာဖြစ်လို့ ကျစ်ကျစ်လျစ်လျစ်နဲ့ပေါ့။ သရုပ်ဆောင်မှု အပိုင်းလေးတွေကတော့ နည်းနည်း ကွဲပြားမှုလေးတွေရှိပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် မိုးဟေကိုကလည်း အနုပညာအလုပ်တွေ ရပ်နားထားရင်းကမှ ‘’ကျွန်တော့်ရဲ့သူ’’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးလက်ခံဖြစ်တဲ့အကြောင်းပြောပြလာပါတယ်။

‘’ဒီဇာတ်ကားက အစ်ကိုနဲ့ မိုးနဲ့ ၃ နှစ်လောက်ကြာပြီးမှ ပြန်ရိုက်ဖြစ်တဲ့ ဇာတ်ကားလေးပါ။ ရိုက်နေကြဆိုပေမယ့် ဇာတ်လမ်းအပြောင်းအလဲလေးတွေလည်းဖြစ်တယ်။ ဇာတ်ညွှန်းဖတ်ကြည့်လိုက်တဲ့ အချိန်မှာလည်း သဘောကျတဲ့အတွက် လက်ခံရိုက်ကူးဖြစ်လိုက်တယ်’’ လို့ ဆိုပါတယ်။

နေတိုးနဲ့ မိုးဟေကို တို့ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ‘’မိုးညအိပ်မက်မြူ’’ ၊ ‘’ဂွတ်ရှယ်သမက်’’ ၊ ‘’ချောကလက်ဘေဘီ’’၊ ‘’ရက်စ်ဘော့စ်”၊ ‘’ချစ်စံအိမ်’’၊ ‘’ အမုန်းတွေ ခေါက်ထားလိုက်’’ စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အတူတွဲ သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဗီဒီယိုဇာတ်ကား ပေါင်းများစွာ မှာလည်း အတူတွဲ သရုပ်ဆောင်ထားပါသေးတယ်။

၃ နှစ်ကြာပြီးတဲ့နောက်မှာတော့ ‘’ကျွန်တော့်ရဲ့ သူ’’ ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ အတွင်းမှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ နေဟိန်း က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး နေတိုး၊ မိုးဟေကိုနဲ့ ကလေးသရုပ်ဆောင် သွန်းမြတ်ကြယ်စင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က