ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စေ့စပ်ပွဲ ကျင်းပခဲ့ပါတယ်။

သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦးက ရုတ်တရက် စေ့စပ်ပွဲကျင်းပဖြစ်လိုက်တဲ့အကြောင်း ပြောပြလာပါတယ်။ စိတ်ကူးယဉ်ထားတဲ့ အရာတွေလည်း အများကြီး ရှိပါသေးတယ်တဲ့။

Photo: Forever

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရုတ်တရက် စေ့စပ်ပွဲ ကျင်းပလိုက်ပြီလို့ တရားဝင် ပြောထားပါတယ်။ ဒီလို ကျင်းပဖြစ်သွားတဲ့ အကြောင်းကိုလည်း ဆုအိမ့်စံက Duwun Media ကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ အဓိက ကတော့ ဆုဆု ဖြစ်စေချင်တဲ့အတိုင်းကို သူ့မိဘတွေကရော၊ သူကရော ဆုဆု သဘောတွေအားလုံးကို လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စေ့စပ်ပွဲကျင်းပဖို့ စီစဉ်ထားတာကတော့ အစောကြီးကတည်းကပါ။ မပြောပြဖြစ်တာပဲ ရှိတာပါ။ ဒါကလည်း ပွဲက ဘယ်တော့လုပ်ဖြစ်မယ်ဆိုတာကို သေချာ မသိသေးတော့ စေ့စပ်လိုက်ပြီဆိုတော့မှ ဆုဆု တို့ တကယ်စေ့စပ်လိုက်ပြီဆိုတာကို ပြောတာပါ” လို့ သူကဆိုပါတယ်။

ခင်ပွန်းလောင်း သူရိယနဲ့အတူ ဖြတ်သန်းသွားမယ့် အနာဂတ်ခရီးအတွက် စိတ်ကူးယဉ်ထားတာတွေလည်း ရှိတယ်လို့ ဆုအိမ့်စံက ပြောပါတယ်။ မိသားစုနှစ်စု ပေါင်းစည်းခွင့်ရလိုက် လို့လည်း ပျော်ရွှင်ရတယ်လို့ သူကဆိုပါတယ်။

‘’စိတ်ကူးယဉ်ထားတာတွေ၊ တိုင်ပင်ထားတာတွေကတော့ အများကြီးပဲပေါ့နော်။ မစေ့စပ်ခင်အရှေ့မှာဆိုရင်လည်း သူတို့ မိဘတွေက ဆုဆုကို လာပြီးတောင်းရမ်းကြတယ်။ မိသားစုတွေ အားလုံးကလည်း ၂ ခုကနေ ၁ ခုဖြစ်သွားတယ် အရမ်း အရမ်းကိုပျော်စရာကောင်းပါတယ်’’ လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညက Hero ရုပ်ရှင်အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ဆုအိမ့်စံဟာ ခင်ပွန်းလောင်းနဲ့အတူ ခင်ပွန်းလောင်းဘက်က မိဘတွေကလည်း သူမအပေါ် ချစ်ခင်တန်ဖိုးထားမှုတွေရှိတာကြောင့် စိတ်ချမ်းသာရတယ်လို့ ဆိုပါတယ်။

‘’ဆုဆုက နဂိုကတည်းက သူ့ကို ယုံကြည်ပြီး ချစ်လို့ လက်တွဲဖြစ်တာပေါ့နော်။ မင်္ဂလာဆောင်တယ်၊ စေ့စပ်လိုက်တယ်ဆိုတာကလည်း သူကရော၊ သူ့မိဘတွေကအစ ဆုဆုကို တန်ဖိုးထားကြတယ်။ စိတ်ချမ်းသာအောင် ထားကြတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Hsu Eaint San

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူတို့ ချစ်သူစုံတွဲဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က ချစ်သူသက်တမ်း ၂ နှစ် ပြည့်ခဲ့ကြတာဖြစ်ပါတယ်။



က္က