အရင်တုန်းကတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။

မင်းဘုန်းမြတ်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရင်း ပရိသတ်အရှေ့ကို ရောက်လာမယ်လို့ သိရပါတယ်။ သူဟာ အရင်တုန်းကတော့ မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခြင်းခံခဲ့ရတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။

Photo: Min Phone Myat



မင်းဘုန်းမြတ်ကိုတော့ MPT ကြော်ငြာကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ ဒီကြော်ငြာကနေစပြီး မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့သူတစ်ဦးဆိုရင်လည်း မမှားပါဘူး။ အသက် ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ လုပ်လာခဲ့သူဖြစ်ပြီး အလုပ်တွေ တဖြည်းဖြည်း လျော့နည်းသွားတဲ့အချိန်မှာတော့ အားပေးတဲ့ ပရိသတ်တွေလည်း လျော့နည်းသွားတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ အခုချိန်မှာ ကျွန်တော့်ရဲ့ အနုပညာသက်တမ်းက ၄ နှစ်ကျော်ကို ရောက်လာခဲ့ပါပြီ။ ဒါပေမယ့် အရင်တုန်းကထက် အားပေးတဲ့ ပရိသတ်လျော့သွားတယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ Online ပေါ်မှာလည်း ကျွန်တော်က ဓာတ်ပုံတွေ တင်လေ့တင်ထမရှိဘူးဆိုတော့ ပရိသတ် စိတ်ဝင်စားမှုနည်းတယ်လို့ကိုယ့်ကိုယ်ကိုယ် မြင်မိတယ်။ အမြဲတမ်း အားပေးတဲ့ပရိသတ်တွေလည်းရှိပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တွေ့နေရတယ်။ ကျွန်တော်ဆိုးတာပဲလုပ်လုပ်၊ ကောင်းတာပဲလုပ်လုပ် ချစ်ပေးနေကြသူတွေလည်းရှိတယ်။ တချို့ကျတော့ လည်း ဖေ့စ်ဘွတ်ပေါ်တက်နေမှကြိုက်တဲ့သူတွေလည်းရှိတယ်။ ပြီးတော့ ကျွန်တော့်ကို အားမရတဲ့ ပရိသတ်တွေလည်းရှိတယ်။ သူတို့ကလည်း အွန်လိုင်းမှာ အမြဲတမ်းပုံတင်စေချင်ကြတယ်’’ လို့ သူကဆိုပါတယ်။

Photo: Mon Phone Myat

မင်းဘုန်းမြတ်ကိုတော့ အရင်တုန်းက တီဗီကြော်ငြာတွေ၊ Fashion Show တွေမှာ အမြဲတမ်း မြင်တွေ့ရတတ်သူဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဝါသနာကြီးလွန်းသူလည်းဖြစ်သလို တစ်ယောက်တည်း ကြိုးစားရုန်းကန်နေရသူဖြစ်တာကြောင့် အခက်အခဲတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

‘’ အခက်အခဲကတော့ အရင်တုန်းကလည်းရှိတယ်၊ အခုလည်းရှိတယ်။ ဒါပေမယ့် ကျွန်တော် လုပ်စရာရှိတာလုပ်တယ်။ ပရိသတ်အရှေ့ရောက်လာရင်လည်း အားပေးကြပါ။ လူဆိုတာကတော့ သူ့အချိန်သူ့အခါဆိုတာရှိတယ်။ အရမ်းကြီးလုပ်နေပြီးတော့ အောင်မြင်မှုမရတဲ့သူတွေလည်းရှိတယ်။ နည်းနည်းလေး လုပ်ပြီးတော့ အောင်မြင်မှုရသွားတဲ့သူတွေလည်းရှိတာပဲ။ ကံကြမ္မာပေါ်မှာလည်း မူတည်သလို ကိုယ့်ကြိုးစားမှုနဲ့လည်းဆိုင်တယ်။ ဖြစ်ချိန်တန်ရင် ဖြစ်မယ် ကြိုးလည်းကြိုးစားရမယ်ဆိုတဲ့ဟာတစ်ခုတော့ ကျွန်တော့် ခေါင်းထဲမှာ ထည့်ထားပါတယ်’’ လို့ သူကပြောပါတယ်။ 

Photo: Min Phone Myat

လက်ရှိမှာလည်း မင်းဘုန်းမြတ်က MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရတာဖြစ်တဲ့အတွက် တခြားအနုပညာအလုပ်တွေ မလုပ်ဖြစ်ဘူးလို့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

‘’ အခုလက်ရှိကတော့ မာယာလှည့်ကွက်ဆိုတဲ့ ဇာတ်လမ်းတွဲရိုက်နေပါတယ်။ FG Entertainment က ရိုက်တာပေါ့နော်။ ပြီးတော့လည်း ဇာတ်လမ်းတိုလေး တစ်ကားရိုက်ဖို့ရှိတယ်။ ဇာတ်လမ်းတွဲရိုက်နေရလို့လည်း တခြားအလုပ်တွေမှာ အားနည်းသွားတာပေါ့နော်။ နေ့တိုင်းအလိုလိုလည်းရိုက်ကူးရေးက ရှိတယ်။ စနေ၊ တနင်္ဂနွေ လောက်ပဲ နားရက်လောက်ရတာဆိုတော့ တခြားအလုပ်တွေ မလှမ်းနိုင်ဘူးဖြစ်တာပေါ့။ အနုပညာအလုပ်တွေ လုပ်နေတယ်။ အရင်တုန်းက မင်းဘုန်းမြတ်နဲ့ အခု မင်းဘုန်းမြတ်က အတူတူပါပဲ။ အချိန်ကြာလာတာနဲ့အမျှတော့ အတွေ့အကြုံတွေအရ နည်းနည်းရင့်ကျက်လာပြီပေါ့။ ကျွန်တော့်အသက်ကလည်း ၂၂ ပဲရှိသေးတော့ အရမ်းကြီး ရင့်ကျက်သွားတယ်လို့လည်း ပြောလို့မရဘူးပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Min phone Myat

မင်းဘုန်းမြတ်ကိုတော့ ပရိသတ်တွေက MPT မင်းသားလေးအဖြစ် စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ နောက်ထပ်လည်း မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလှုပ်ရှားမှုတွေ စတင်ဆောင်ရွက်ခဲ့သူပါ။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကျွန်မအချစ်ဆုံး ယောက်ျား သုံးယောက်’’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ သား တစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ မင်းဘုန်းမြတ်ဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်လမ်းတွဲဘက်ကို ကူးပြောင်းလိုက်တဲ့အချိန်မှာတော့ ပရိသတ်တွေနဲ့ အနည်းငယ်အဆက်ပြတ်နေခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က