ဒီကာရိုက်တာက ကစ်နဲ့ အရမ်းလိုက်တယ်။
Sabal Thwin

နေတိုးကတော့ “မြက်နု” ရုပ်ရှင်ဇာတ်ကားထဲက ဝတ်မှုံရွှေရည်ရဲ့ သရုပ်ဆောင်မှုတွေအပေါ် ချီးကျူးစကားဆိုခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ရင်ခုန်စိတ်လှုပ်ရှားစရာဖို့ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကို မြင်တွေ့ရဦးမယ်လို့ သူကပြောပါတယ်။ 

နေတိုးကိုတော့ မကြာခင်ရုံတင်ပြသတော့မယ့် မြက်နု ရုပ်ရှင်ဇာတ်ကားထဲမှာ “သက်ပိုင်” ဆိုတဲ့ အမျိုးသား ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားဟာ Romance ဆန်ဆန် အချစ်ဇာတ်ကားလေးဖြစ်လို့ ပရိသတ်အကြိုက်ဖြစ်မှာပါလို့လည်း နေတိုးက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“အတတ်နိုင်ဆုံးတော့ လှုပ်ရှားမှုတွေမှာလည်း အသက်အရွယ်နဲ့ လိုက်ဖက်မှုလေးတွေဖြစ်အောင် စကားပြောတဲ့ အသုံးအနှုန်းလေးတွေကအစ၊ တချို့လူကြီးတွေက ကလေးတွေနဲ့ ပြောတဲ့အချိန်မှာ မျက်လုံး အကြည့်လေးတွေကအစ လူငယ်တွေနဲ့ မတူတဲ့ ပုံလေးတွေရှိတယ်။ လူငယ်တွေကို သွန်သင်ဆုံးမတဲ့အချိန်မှာ ဂရုဏာ ဒေါသလေးတွေပါတတ်တယ်။ ပရိသတ်ကလည်း ဒီဇာတ်ကားကြည့်နေရင်းနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ၊ ကြည်နူးစရာလေးတွေ အပြည့်အဝ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: မြက်နု

“မြက်နု” ဇာတ်ကားထဲက ဇာတ်ကောင်ကိုလည်း နေတိုးကိုယ်တိုင်က သဘောကျတဲ့အတွက် လက်ခံရိုက်ကူးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဝတ်မှုံရွှေရည်ကလည်း သူမရဲ့ ကာရိုက်တာအပေါ် အပြည့်အဝ သရုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ဇန်နဝါရီလ ၂၀ ရက်နေ့ ညက “မြက်နု” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“လူကြီးနဲ့ လူငယ်ကြားမှာ စောင့်ထိန်းရတဲ့ အရာမျိုးလေးတွေကလည်း ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ကစ်ကို ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင်ဟန်လေးကို ဒီဇာတ်ကားထဲမှာ မြင်ရမယ်။ သူ့ရဲ့ ကာရိုက်တာနဲ့ လိုက်ဖက်မှုရှိအောင်လည်း အပြည့်အဝ သရုပ်ဆောင်နိုင်တာ တွေ့ရတယ်။ ကာရိုက်တာ တစ်ခုအပေါ် စီးမျှောအောင်၊ ဒီကာရိုက်တာ ဝင်နေအောင်လို့လည်း ကျွန်တော်တို့တွေက ကြိုးစားရပါတယ်။ ဒိုင်ယာလော့ဂျ်တွေ ဖတ်ရင်းနဲ့ အရမ်းသဘောကျပြီး ပြုံးနေခဲ့ရတဲ့ အချိန်တွေလည်း ရှိတော့ တော်တော်လေး ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးပါ” လို့ သူကဆိုပါတယ်။ 

နေတိုးဟာ “မြက်နု” ဆိုပြီး နာမည်ပေးထားတဲ့ အကြောင်းကိုလည်း ဆက်လက် ပြောပြထားပါသေးတယ်။ ဒီဇာတ်ကားရဲ့ ရည်ရွယ်ချက်နဲ့ သက်ဆိုင်တဲ့ နာမည်ပေးတစ်ခုဖြစ်တယ်လို့လည်း သူကပြောပါတယ်။ 

 “ ဒီစကားလေးကို ပြောလိုက်တာနဲ့ လူတွေက တစ်ခုခုကိုပြေးမြင်တယ်ပေါ့နော်။ ရည်ရွယ်ချက်ကလည်း အဲဒီလိုပုံစံမျိုးဖြစ်စေချင်တာပေါ့။ ရုတ်တရက်ဆိုရင်လည်း လူတစ်ယောက်က ဒေါသထွက်စရာကောင်းတဲ့ စကားလုံးလေးတစ်ခု ဖြစ်နေတာပေါ့။ ဇာတ်ကား နာမည်ပေးတာကတော့ ဇာတ်ညွှန်းရေး ဆရာက ပေးထားတာပါ။ ဒီစကားလုံးက ဇာတ်ကား တစ်ကားလုံးရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ လိုက်ဖက်တယ်လို့တော့ ကျွန်တော်မြင်တယ်” လို့ ဆိုပါတယ်။ 

Photo: မြက်နု

“မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇန်နဝါရီလ ၂၃ ရက်နေ့ ဆိုရင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က