သူက ပွင့်ပွင့်လင်းလင်းနေတတ်တယ်။
Sabal Thwin

ထူးအောင်ဟာ ခင်ဝင့်ဝါနဲ့ အတူတူ ဇာတ်လမ်းတွဲရိုက်ခဲ့တုန်းက သူ့ကို ကူညီပေးခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ ဒီဇာတ်ကားကလည်း မကြာခင်မှာ Free to air ရုပ်သံလိုင်းကနေေ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Photo: Htoo Aung

ထူးအောင်ကတော့ ခင်ဝင့်ဝါနဲ့ ပတ်သက်ပြီး သူ သတိထားမိတဲ့အချက်လေးတွေ ပြောပြလာပါတယ်။ အခုဆိုရင်လည်း ‘’အကြင်နာမြစ်ဖျား’’ရုပ်သံဇာတ်လမ်းတွဲမှာ အတူတွဲသရုပ်ဆောင်ခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ခင်ဝင့်ဝါက သူ့ကိုယ်သူ မင်းသမီးဆိုပြီးတော့ နေတဲ့ ပုံစံမျိုးမရှိဘူး။ ပွင့်ပွင့်လင်းလင်းနဲ့ သူ့စိတ်ထဲရှိသလိုနေတယ်။ ရိုက်ကွင်းမှာတုန်းကလည်း အလုပ်အတူတူလုပ်ကြရတယ်။ သူရိုက်နေရတဲ့ အလှည့်မှာဆိုရင် ကျွန်တော်က ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အသံနဲ့ပြောပေးတယ်။ ကျွန်တော့်အလှည့်မှာလည်း သူက အဲဒီလိုပဲ ပြောပေးတယ်။ သူ့တာဝန်ကို သူ အပြည့်အဝကျေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ’’ လို့ သူကဆိုပါတယ်။

Photo: Htoo Aung

အဲဒီနောက် အမှတ်တရ အဖြစ်ဆုံး အနေနဲ့ ထူးအောင်ဟာ အကြင်နာမြစ်ဖျား ဇာတ်ကားရိုက်နေစဉ်အတွင်းမှာရော၊ ဇာတ်ကားမရိုက်တဲ့ အချိန်တွေမှာပါ ခင်ဝင့်ဝါကို ကြည့်နေတဲ့ ခံစားချက်ကို သဘောကျတယ်လို့ ဆိုပါတယ်။

‘’ ဒီဇာတ်ကားလေးရိုက်တုန်းက မှတ်မှတ်ရရဖြစ်တာဆိုလို့ ဇာတ်ကားထဲမှာလည်း ခင်ဝင့်ဝါကို ကြည့်သလို ရိုက်ကွင်းပေါ်မှာလည်း ကျွန်တော်သူ့ကို ကြည့်တယ်။ ကျွန်တော့်ဘာသာကျွန်တော်ဈာန်ဝင်တယ်လို့ပြောရ မလား၊ မျောသွားတယ်လို့ပြောရမလား။ သူ့ကို ကြည့်ရတာသဘောကျတယ်။ ရိုက်ကွင်းနောက်ကွယ်မှာလည်း ကျွန်တော် သူ့ကို ကြည့်တယ်။ ဒါကလည်း ကာရိုက်တာအရဆိုတာ သူနားလည်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၆ ရက်နေ့က အကြင်နာမြစ်ဖျားရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Htoo Aung

ဒီဇာတ်လမ်းတွဲထဲမှာတော့ ထူးအောင်က ခင်ဝင့်ဝါကို စွဲစွဲလမ်းလမ်း ချစ်မိတဲ့ လူငယ်တစ်ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

‘’ ကျွန်တော်က ချောစုကို အရမ်းစွဲလမ်းရတဲ့ လူတစ်ယောက်ပေါ့။ အရမ်းချစ်ရတာ။ ဇာတ်ကားမရိုက်ခင်တုန်းကဆိုရင် သူ့အကြောင်းတွေးတာတို့၊ ဇာတ်ကားထဲက ချောစုအကြောင်းကိုတွေးတာပေါ့။ ဒီအချိန်ဆို သူဘာလုပ်နေမလဲဆိုတာမျိုးတွေပေါ့။ ကြိုတင်ပြီးတော့ စဉ်းစားရတဲ့ အပိုင်းလေးတွေရှိတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Htoo Aung

အကြင်နာမြစ်ဖျားရုပ်သံဇာတ်လမ်းတွဲကိုတော့ MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ ထူးအောင်ကိုတော့ Model တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အဆက်မပြတ် ရိုက်ကူးနေရတာကိုလည်းတွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က