မင်းသား ၅ ယောက် မင်းသမီး ၃ ယောက်တို့ ပါဝင်သရုပ်ဆောင်သွားမှာပါ။

‘’ခေါ်သံ’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ မင်းသား ၅ ယောက်နဲ့ မင်းသမီး ၃ ယောက်တို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်ကားက ဟာသကိုကြိုက်တဲ့ ပရိသတ်တွေရော၊ သရဲကားကိုမှ နှစ်သက်တဲ့ ပရိသတ်တွေလည်း အကြိုက်တွေ့မယ်လို့ သိရပါတယ်။

Photo: San Win Oo

‘’ ခေါ်သံ’’ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်ကြီးရဲ့ အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် M3 စားသောက်ဆိုင်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီနောက် သရုပ်ဆောင် ထွန်းထွန်းက ဇာတ်ကားနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ဒီဇာတ်ကားက ကာရိုက်တာနည်းပြီးတော့ တင်ပြမှုကောင်းတဲ့ ဇာတ်ကားမျိုးမဟုတ်ပေမယ့် သရဲကားဖြစ်တဲ့အတွက် သရုပ်ဆောင်များလေ ပိုမြိုင်လေပေါ့။ ဒါမှ ပရိသတ်ကြည့်တဲ့အခါမှာ ပိုကောင်းနိုင်မယ့် ဇာတ်ကား တစ်ကားလို့တော့ ပြောလို့ရတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၉ ရက်နေ့က ‘’ခေါ်သံ’’ ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်မယ့် ခင်လှိုင်ကတော့ သူ့ရဲ့ ဆံပင်စတိုင်လေးကိုလည်း ပြောင်းလဲ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

‘’ကျွန်တော်က ဇာတ်ကားတိုင်းမှာ ဆံပင်စီးရင်စီး၊ မစီးရင် ကတုံး ဆံပင်နဲ့ အတွေ့များတယ်ပေါ့နော်။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ ပုံစံတစ်မျိူးလေး လုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါက ရယ်စရာကောင်းပြီးတော့ ခပ်ပိန်းပိန်း ပုံစံပေ့ါနော်။ အဲဒီလို ကာရိုက်တာဖြစ်အောင် လုပ်ရမှာပေါ့နော်’’ လို့ ဆိုပါတယ်။

ဇာတ်ကားလေးရဲ့ ထူးခြားမှုကိုလည်း မင်းသမီးချောလေး အိချောပိုက အခုလို ပြောပြလာပါတယ်။ သူမရဲ့ ကာရိုက်တာအတွက် ဝတ်စုံကလည်း နည်းမယ်လို့ ဆိုပါတယ်။

‘’ ဒီဇာတ်ကားထဲမှာ အိချောက ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် ကောင်မလေး စံပယ်ဆိုတဲ့ နေရာက သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားရဲ့ ထူးခြားချက်က ခရီးတွေ အတူတူထွက်ကြတာ ဖြစ်တဲ့အတွက် မင်းသား ၅ ယောက်နဲ့အတူ အမြဲတမ်း ပါနေမယ်။ အဝတ်အစားဆိုရင်လည်း တစ်စုံလောက်နဲ့တောင် သွားရင် သွားမှာ’’ လို့ ပြောပါတယ်။

အဲဒီနောက် သိန်းစိုးဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အောင်မြင့်မြတ်ကလည်း ‘’ခေါ်သံ’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

‘’ဒီဇာတ်ကားထဲမှာတော့ သူငယ်ချင်း ၅ ယောက်ပေါ့နော်။ တစ်ယောက်တစ်မျိူးစီ ဆိုးကြတယ်။ အဲဒီ အထဲမှာမှ တစ်ယောက်ပေါ့။ ဒါက သရဲကားဆိုပေမယ့် ဟာသလေးတွေလည်းပါတယ်။ ဒါပေမယ့် ကျွန်တော့် ကာရိုက်တာမှာတော့ ဟာသ မပါသလောက်ပဲ။ အဲဒါကြောင့်လည်း ရိုက်ဖြစ်တာပါ။ ကျွန်တော်က ဟာသအပိုင်းကို အားနည်းတယ်လေ။ အခုဟာက ကျတော့ ကိုယ်နဲ့လိုက်တဲ့ ကာရိုက်တာလေးလည်းဖြစ်နေလို့’’ လို့ သူကဆိုပါတယ်။

ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးကို ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာဖြစ်ပြီး ဒါရိုက်တာ စိုးမိုးမင်းနဲ့ မေဘရဏီတို့က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ထွန်းထွန်း၊ ကျော်ကျော်ဗို၊ ရဲတိုက်၊ ရဲရင့်အောင်၊ အောင်မြင့်မြတ်၊ ခင်လှိုင်၊ ဂျိူကာ၊ အိချောပို၊ မေမြင့်မိုရ် နဲ့ ရွှေအိမ်စည်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဇူလိုင်လ အတွင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က