ပညာရေး လောဘကြီးသူလေးပါ။

ငယ်စဉ်ကလေးဘဝကတည်းက ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ ယွန်းယွန်းကတော့ ပညာရေးလောဘကြီးသူတစ်ယောက်လို့ ဆိုရမှာပါ။ သူမရဲ့ ရှေ့ရေးအတွက် ပညာရေးကိုလည်း အားသွန်ခွန်စိုက် ကြိုးစားနေသလို သူမဝါသနာပါရာ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေသူလေး ဖြစ်ပါတယ်။

Photo : ယွန်းယွန်း



ဆံပင်ရှည်ရှည် ပါးချိုင့်ကလေးနဲ့ ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူကတော့ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ယွန်းယွန်းပါ။ ယွန်းယွန်းဟာ ငယ်စဉ်ကတည်းက အနုပညာနဲ့ ပတ်သက်ပြီး ဝါသနာကြီးခဲ့သူ တစ်ယောက်ဖြစ်သလို ပညာရေးပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူးနှစ်ဘာသာနဲ့ ထူးချွန်အောင်မြင်ခဲ့သလို တက္ကသိုလ်မတက်ခင် အချိန်မှာလည်း ABE Business Management ကို တက်ရောက်ခဲ့ပါသေးတယ်။


“ညီမဆယ်တန်းအောင်တော့ ရလာဒ်ကို စောင့်နေရတယ်။ စောင့်နေတဲ့ အတောအတွင်းမှာ Business Management ကို တက်ချင်တယ်ဆိုပြီး ABE UK က ဟာကို လှမ်းဖြေတယ်။ မေမေကလည်း ငယ်ငယ်လေးကတည်းက MBA ရစေချင်တာဆိုတော့ ဒီလမ်းကြောင်းလေး ရွေးပြီး လျှောက်ဖြစ်တယ်” လို့ဆိုပါတယ်။

Photo : Amazing Grace

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရလာဒ်ထွက်ပြီးတဲ့ နောက်မှာလည်း သူမဝါသနာအရမ်းပါခဲ့တဲ့ စိတ်ပညာဘာသာ ရပ်ကို ရွေးချယ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ထဲမှာ ဆက်လက်သင်ယူနေခဲ့ပါတယ်။ ငယ်စဉ်ကတည်းက စိတ်ပညာ စာအုပ်တွေ မတော်တဆ ဖတ်မိသွားရာက ဝါသနာပါသွားခဲ့တဲ့ စိတ်ပညာကို အခုလို အသေးစိတ် သေချာ သင်ခွင့်ရလို့ ပိုပြီး ဝမ်းသာမိတယ်လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

“ပညာရေးနဲ့ ပတ်သက်ပြီး လောဘကြီးတယ်။ တစ်ချိန်ချိန်မှာကိုယ်အသက်မွေးဝမ်းကြောင်း လုပ်လို့ရမယ့် ဘွဲ့ကိုလည်း လိုချင်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကိုလည်း သေချာ လေ့လာချင်တယ်ဆိုတော့ တက်ဖြစ်သွားတယ်။ ညီမက စိတ်ပညာနဲ့ ပတ်သက်တဲ့စာအုပ်တွေကို မတော်တဆ ဖတ်မိသွားတယ်။ စိတ်ဝင်စားသွားတယ်။ စိတ်ပညာကို ပတ်သက်တဲ့ စာအုပ်တွေ ရှာဖတ်ရင်း ရှာဖတ်ရင်းက စိတ်ပညာကို လိုက်စားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာ။ စိတ်ပညာက နက်နဲတယ်။ ညီမလုပ်နေတဲ့ အလုပ်မှာလည်း ပြန်ပြီး အသုံးချလို့ တယ်။ တော်တော်များများက စိတ်ပညာနဲ့ ဆက်စပ်နေတာပဲ” ဆိုပြီး သူမလေ့လာသင်ယူနေတဲ့ ပညာရပ်နဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ဒါ့အပြင်မိဘတွေ ပညာသင်ယူ ခဲ့ရတဲ့ ကျောင်းမှာ သူမအနေနဲ့ ပြန်တက်ခွင့်ရလို့ အရမ်းကို ပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

Photo ; ယွန်းယွန်း

ယွန်းယွန်းက စိတ်ပညာဘာသာရပ်မှာ ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်ရဲ့ ပညာရေးထူးချွန်ဆုမှာ ဒုတိယဆု ရရှိခဲ့ပါသေးတယ်။

ယွန်းယွန်းဟာ ပညာရေးနဲ့ ပတ်သက်ပြီး လုံးဝကို လောဘကြီးတယ်လို့ ပြောရမှာပါ။ ကျောင်းနှစ်ကျောင်းတင်မကပါဘူး နောက်ထပ်လည်း ဘာသာစကားနဲ့ပတ်သက်ပြီး လေ့လာသင်ယူနေတာ တွေ့ရပါတယ်။ Wall Street English မှာလည်း အင်္ဂလိပ်စာကို လေ့လာသင်ယူနေပြီး တခြားသော ဘာသာစကားတွေကိုလည်း လေ့လာနေပါသေးတယ်။ 

Photo ; Phonn

အခုလတ်လောမှာလည်း ထိုင်းနဲ့ ဆက်စပ်တဲ့အနုပညာအလုပ်တွေ လုပ်ဖို့ ရှိတာကြောင့် ထိုင်းဘာသာစကားကိုလည်း လေ့လာသင်ယူနေတယ်လို့ ဆိုပါတယ်။

“အခုနောက်ပိုင်း ထိုင်းနဲ့ လုပ်ရတဲ့ အ လုပ်လေးတွေလည်း ရှိလာတော့ ရုပ်ရှင်ရိုက်တဲ့အခါမှာပဲ ဖြစ်ဖြစ် သွားလည်တဲ့နေရာမှာပဲ ဖြစ်ဖြစ် အသုံးဝင်မယ်လို့ ထင်တယ်။ အဲဒီအတွက် ထိုင်းစာသင်တာပါ။ အသစ်အဆန်းဆို အကုန်လုံး လုပ်ချင်တာ။ လေ့လောနေရတာကို ပျော်နေတာပဲဆိုတော့ အခုထိတော့ မခက်သေးပါဘူး။ ထိုင်းစာက အခုမှ အစဆိုတော့ သူ့စကားကတော့ ပြောလိုက်ရင် သူ့အသံတော့ ထွက်မှာပါ။ လောလောဆယ်တော့ မြန်မာလိုရယ်၊ အင်္ဂလိပ်ရယ် ၊ အခုထိုင်းရယ်ပေ့ါ။ ကျွမ်းကျွမ်းကျင်ကျင် တတ်တဲ့ နိုင်ငံခြားဘာသာစကားတော့ မရှိသေးဘူး” ဆိုပြီး Duwun Media ကို ပြောပြခဲ့ပါတယ်။

ဘာသာစကားအနေနဲ့ ဒီသုံးမျိုးတင်မကသေးပါဘူး ကိုရီးယားစကား၊တရုတ်စကားတွေလည်း သင်ချင်သေးတယ်တဲ့။ 

Photo : ယွန်းယွန်း

သူမက တစ်ချိန်မှာကိုယ်ပိုင်စီးပွားရေး အလုပ်တွေကို ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ကိုင်ချင်တာကြောင့် အခုကတည်းက လေ့လာနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ပေမယ့်လည်း သူမဝါသနာပါရာအနုပညာအလုပ်ကိုလည်း စွန့်လွှတ်သွားမှာ မဟုတ်ပါဘူးတဲ့။ စီးပွားရေးနဲ့ အနုပညာကို ညီညီမျှမျှဖြစ်အောင် ရေရှည်သွားချင်တဲ့အတွက် အခုကတည်းက ပညာရေးကို ဖောင်ဒေးရှင်းယူထားတဲ့ သဘောပါလို့ ဆိုပါတယ်။ 


သူများကို ဝန်ဆောင်မှု ပေးရတဲ့ လုပ်ငန်းမျိုးကို ဝါသနာပါပြီး Travel & Tour လည်း လုပ်ချင်တယ်လို့ ပြောပြခဲ့ပါသေးတယ်။

“ ညီမကတော့ ဘာလုပ်လုပ် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်တော့ ဖြစ်ချင်တာပေါ့နော်။ ကိုယ်ပိုင်စီးပွားရေးလုပ်ရင်လည်း ပစ္စည်းတွေ ရောင်းတာထက်စာရင် ဝန်ဆောင်မှုပေးတဲ့ အလုပ်မျိုးကို ပိုဝါသနာပါတယ်။ အလှအပနဲ့ ပတ်သက်တဲ့ဟာမျိုးကို ကြိုက်တာပေါ့နော်။ Travel & Tour သင်တန်းတွေလည်း တက်ဖူးတယ်ဆိုတော့ တစ်ချိန်ချိန်မှာ Travel & Tours လည်း လုပ်ဖြစ်ရင် လုပ်ဖြစ်မှာပါ’’ လို့ သူမက ဆိုပါတယ်။

Photo ; Phonn

လက်ရှိမှာ တက္ကသိုလ်တက်နေပြီး ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနေတဲ့သူမဟာ သူမနဲ့ လိုက်မယ့် ကာရိုက်တာမျိုးကို ရွေးချယ်ရိုက်ကူးဖို့ အတွက်လည်း ပြင်ဆင်လျက်ရှိပါတယ်။ စိတ်ပညာကို ဝါသနာပါတဲ့ သူမက ဆိုက်ကိုနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ ပိုရိုက်ချင်တယ်လို့ ဆိုပါတယ်။

ယွန်းယွန်းကို ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီ(၁၉) ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အဘွားဖြစ်သူက သရုပ်ဆောင် ဒေါ်သဲနုအောင် ဖြစ်တာကြောင့် အနုပညာမျိုးရိုးရှိသူ တစ်ဦးပီပီ ငယ်စဉ်ကလေးဘဝကတည်းက အနုပညာကို ဝါသနာပါခဲ့သူလည်း ဖြစ်ပါတယ်။ ယွန်းယွန်းက အသက်သုံးနှစ်ခွဲ အရွယ်လောက်ကစပြီး ဗီဒီယိုဇာတ်ကားတစ်ကားမှာ ပါဝင်ဖြစ်သွားပြီး ကလေးသရုပ်ဆောင်အနေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့တာပါ။



ံယွန်းယွန်းဟာ ဗီဒီယို ဇာတ်ကားပေါင်း (၃၀၀)ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား(၃၀)ကျော် ရိုက်ကူးထားနိုင်သူ ကလေးသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်အဖြစ် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးအပြီးမှာတော့ ၂၀၁၂ခုနှစ်မှာ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားမှာ နှစ်ကိုယ်ခွဲ ဇာတ်ရုပ်နဲ့ အကယ်ဒမီသမိုင်းရဲ့ ရခဲလှတဲ့ အထူးဆုကို ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က