ဦးနှောက်သွေးကြောပေါက်လို့ဆေးရုံတက်နေရသူပါ။

ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတဲ့ လူရွှင်တော် ဝက်မက ပရိသတ်ကို ဟာဒယရွှင်ဆေးတွေ တိုက်ချင်သေးတယ်လို့ ဆိုပါတယ်။ ဟာသပြက်လုံးတွေ ပြောလို့မဝသေးဘူးလို့ သူကပြောပါတယ်။

Photo: ဝက်မ



လူရွှင်တော် ဝက်မရဲ့ ကျန်းမာရေးကတော့ လက်ရှိအချိန်ထိ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေရတုန်းဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေ ထပ်လုပ်ချင်သေးတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ ကိုယ်က အနုပညာအလုပ်တွေ လုပ်ရတာ မဝသေးဘူး။ လတ်တလောအခြေအနေမှာလည်း အနုပညာလုပ်ငန်းတွေက တုံ့စိုင်း၊ တုံ့စိုင်းဖြစ်နေတာ အားမရဘူးပေါ့နော်။ အလုပ်တွေ အရင်လို ပြန်သွက်ချင်တယ်။ ဟာသလေးတွေ၊ ရယ်စရာတွေ ပြောချင်သေးတယ်။ ပရိသတ်အတွက် ကိုယ့်ရဲ့ အနုပညာကို ပေးချင်တာပေါ့နော်’’ လို့ဆိုပါတယ်။

Photo: ဝက်မ

လက်ရှိမှာလည်း ကျန်းမာရေးက စောင့်ကြည့်နေရတုန်း အနေအထားဖြစ်တယ်လို့ ဝက်မ က ပြောပါတယ်။ ဦးနှောက်သွေးကြောပေါက်ခဲ့တာကြောင့် စက်တင်ဘာလ ၆ ရက်နေ့ကတည်းက SSC ဆေးရုံမှာ ဆေးရုံတက်ခဲ့တာပါတယ်။

‘’ ဆရာဝန်ကတော့ တစ်လလောက် နားရမယ်လို့တော့ပြောတယ်။ ၅ ရက် ၆ ရက်လောက် ဆေးရုံမှာ သူတို့က စောင့်ကြည့်မယ်။ ပြီးရင်တော့ သောက်ဆေးပေးမယ်။ အမြဲတမ်း ပုံမှန် ဆေးစစ်တာတွေလုပ်ရမယ်။ ဒီလို စဖြစ်တဲ့ အချိန်မှာ အရမ်းစိတ်ပူသွားတယ်။ ဒီလို မဖြစ်လည်း မဖြစ်ဖူးဘူးလေ။ ကြောက်လည်း ကြောက်သွားတယ်။ ဒါပေမယ့် ဘုရား၊ တရားတော့ မမေ့ပါဘူး’’ လို့သူကဆိုပါတယ်။

ဆေးရုံတက်နေရတဲ့ လူရွှင်တော်ဝက်မရဲ့ ကျန်းမာရေးကို စိုးရိမ်ခဲ့ကြတဲ့ ပရိသတ်တွေ နဲ့ အနုပညာမောင်နှမတွေက အများကြီးပါ။ သူတို့တွေအတွက် ဝက်မက အခုလို စကားလက်ဆောင် ပါးခဲ့ပြန်ပါတယ်။

‘’ပရိသတ်တွေလည်း သိပ်မစိုးရိမ်ကြပါနဲ့။ လူ့ဘဝဆိုတာ ဒီလိုပါပဲ။ ကောင်းတစ်လှည့်၊ ဆိုးတစ်လှည့် ဒီလိုပဲ ကျော်ဖြတ်သွားရတာပါပဲ။ ကိုယ့်ဘဝအတွက်တော့ အကောင်းဆုံးဖြစ်အောင်တော့ အလုပ်ကို ပိုကြိုးစားချင်တယ်။ လူ့ဘဝမှာ အခွင့်အရေးရှိတဲ့အချိန်လေးအတွက် အနုပညာအလုပ်တွေ ဆက်လက် လုပ်ဆောင်ပါ့မယ်’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

ဝက်မကိုတော့ ‘’ရယ်စရာပျော်စရာ ဟာသကမ္ဘာ’’ အစီအစဉ်တွေမှာ အမြဲတမ်း တွေ့မြင်နေရတာဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ များစွာ ရိုက်ကူးနေရသူလည်းဖြစ်ပါတယ်။ဝက်မရဲ့ စကားသံဝဲဝဲ နဲ့ ဟာသစကားတွေ ပြောတတ်ပုံတွေကတော့ ပရိသတ်တွေကို ပိုပြီး သတိထားမိစေခဲ့တဲ့ အချက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က