သင်္ကြန်ကားကြီးနဲ့ ရေပက်ခံ ထွက်ကြတာ ပျော်ဖို့ကောင်းတယ်။

နန်းသူဇာဟာ သင်္ကြန်ပွဲ နီးလာတော့ ငယ်ငယ်တုန်းက သင်္ကြန်ပွဲလေးကို အမှတ်တရ ရှိနေတုန်းပဲလို့ ဆိုပါတယ်။ 

နန်းသူဇာကတော့ သင်္ကြန်မရောက်ခင် သင်္ကြန်သီချင်းတွေ ကြားပြီး ပျော်နေရပြီလို့ ဆိုပါတယ်။ ငယ်ငယ်တုန်းက ဆွေမျိုးတွေ၊ မိသားစုတွေနဲ့ အတူတူ သင်္ကြန်ရေပက်ခံ ထွက်ခဲ့ရတဲ့ ပျော်စရာ အမှတ်တရလေးတွေကို အခုလို ပြောပြလာပါတယ်။ 



“ ငယ်ငယ်တုန်းကဆိုရင် ကားကြီးနဲ့ လည်တာတွေ အရမ်းပျော်ခဲ့တယ်။ ငယ်ငယ်တုန်းက အင်းယားလမ်းမှာနေတာ ဆိုတော့ မဏ္ဍာပ်တွေနဲ့ မနက်ပိုင်းဆို လူက အရမ်းကြပ်နေရော၊ အင်းယားလမ်းမှာ နေတဲ့လူတွေကလည်း ကားနဲ့ ပတ်မယ်ဆိုရင် အစောကြီးထရတယ်။ ညနေဆို ရေပက်ချိန်တွေ ကျော်သွားမှ ပြန်လာတာမျိုးပေါ့။ အရမ်းပျော်စရာကောင်းပါတယ်” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

ခေတ်ကာလ ကြာလာတာနဲ့ အမျှ သင်္ကြန်ပွဲ ကျင်းပမှုတွေကလည်း ပြောင်းလဲသွားတယ်လို့ သုံးသပ်မိကြောင်း နန်းသူဇာက ပြောပါတယ်။ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်ပွဲတိုင်းမှာ မိခင်က အမြဲတမ်းပါတယ်လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ အခုကျတော့ မဏ္ဍာပ်မှာ ရေပက်ကြတာ နည်းသွားပြီနော်။ စင်အနောက်မှာ EDM နဲ့ ပျော်နေကြတာပဲ တွေ့တာများတယ်။ အမှတ်တရအနေနဲ့ကတော့ ကားပေါ်မှာ ခဏနားနေတုန်း အနောက်ကနေ ရေလာပက်တာ ကိုယ့်ကိုပါ ခွက်ကြီးနဲ့ ရိုက်မိသွားတော့ ထအော်မိတယ်။ ပြီးတော့ မာမားနဲ့ အတူတူသွားတာဆိုတော့ သူ့ သမီးတွေ၊ သူ့တူမတွေကို ဘယ်သူမှ ကြည့်တာ မကြိုက်ဘူး။ အရမ်းချစ်ဖို့ကောင်းတယ်” ဆိုပြီးတော့ မတ်လ ၈ ရက်နေ့က Jelly Bunny ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

လက်ရှိ ကမ္ဘာအနှံ့အပြားမှာဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများကြီးနဲ့ ကျင်းပပြုလုပ်ရတဲ့ ပွဲအခမ်းအနားတွေကိုလည်း ရက်ရွှေ့ထားတာကို တွေ့ရပါတယ်။ မြန်မာ့သင်္ကြန်ပွဲကိုလည်း လုပ်ဖြစ် မလုပ်ဖြစ် မသိရသေးပါဘူး။ သရုပ်ဆောင် နန်းသူဇာကတော့ သင်္ကြန်ပွဲကို ရိုးရာမပျက်ကျင်းပပြုလုပ်စေချင်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကြောင့် စိုးရိမ်စိတ်တွေလည်း ဖြစ်နေမိတယ်လို့လည်း သူက ပြောပါတယ်။ 

နန်းသူဇာက အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားပါတယ်။ သူမက လက်ရှိမှာ ပွဲတွေ တက်ဖြစ်နေသလို သီချင်းတွေလည်း ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုထားတဲ့ နန်းသူဇာက တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပိုင်းကိုပဲ စိတ်ဝင်စားတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းကိုကူးဖို့ အစီအစဉ်မရှိပါဘူးတဲ့။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က