ကုသိုလ်ရေးကို ပိုလုပ်ဖြစ်နေပါတယ်တဲ့။
Sabal Thwin

ဒေါ်လုံးတင်က လက်ရှိမှာတော့ သားအကြီးဆုံးရဲ့ မိသားစုနဲ့ အတူတူနေထိုင်တယ်လို့ဆိုပါတယ်။ ဇာတ်ကားတွေ မရိုက်ရတဲ့နောက်မှာတော့ ကုသိုလ်ရေးကိုပဲ ပိုဦးစားပေးလုပ်ဖြစ်တယ်လို့ သူကပြောပါတယ်။

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ဖြစ်သူ ဒေါ်လုံးတင်ကတော့ လက်ရှိမှာ ဇာတ်ကားတွေ သိပ်မရိုက်ရတော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် သူဟာ မိသားစုအတွက်ကို အချိန်ပိုပေးဖြစ်နေတယ်လို့ Duwun Media အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

‘’အပြင်အလုပ် အနေနဲ့ကတော့ အန်တီလုံး ဘာမှ မလုပ်ဖြစ်ဘူး။ လုပ်ဖို့လည်း အဆင်မပြေပါဘူး။ ဒါပေမယ့် သားသမီးတွေကလည်း စားနိုင်သောက်နိုင်လောက်တဲ့ အနေအထားလေးတော့ရှိပါတယ်။ ဝန်ထမ်းဆိုတော့ ငတ်မှာလည်း မပူရသလို ချမ်းလည်း မချမ်းသာပါဘူး။ ဆင်းလည်း မဆင်းရဲဘူး၊ သူ့ဟာနဲ့သူတော့ ပုံမှန်လေး လည်ပတ်နေသလိုပါပဲ’’လို့ ဆိုပါတယ်။

သူမဟာ ရရှိလာတဲ့ အနုပညာကြေးကိုလည်း ကုသိုလ်ရေးအတွက်သာ အသုံးပြုဖြစ်တယ်လို့ ဆိုပါတယ်။ သားသမီးတွေရဲ့ လုပ်အားခနဲ့ မိသားစု စားဝတ်နေရေးကို လောက်ငှအောင် ဖြေရှင်းဖြစ်တယ်လို့လည်း သူကပြောပါတယ်။

‘’ အန်တီလုံး အလုပ်လုပ်ရတုန်းက ရတဲ့ ပိုက်ဆံတွေကိုတော့ ဆွမ်းချက်လောင်းတယ်။ အန်တီလုံးပိုက်ဆံက ကိုယ့်ပိုက်ဆံလေ၊ သားသမီးပိုက်ဆံက ကိုယ့်ပိုက်ဆံ မဟုတ်ဘူး။ အဲဒီတော့ သူတို့ကျွေးတယ်၊ ကိုယ်နေဖို့ထိုင်ဖို့ အတွက်ကလည်း ပူစရာတော့ မလိုဘူး။ ဒါပေမယ့် မချမ်းသာဘူးပေါ့’’ ဆိုပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့က ရွှေပိုးအိမ်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

ဒေါ်လုံးတင်က လက်ရှိမှာတော့ သူ့ရဲ့ သားဖြစ်သူ မိသားစုနဲ့ အတူတူနေထိုင်တယ်လို့ သိရပါတယ်။ မြေးလေးကိုလည်း ထိန်းကျောင်းရင်း ကုသိုလ်ရေး အလုပ်တွေ ပိုလုပ်ဖြစ်နေပါတယ်တဲ့။

‘’ လောလောဆယ်မှာတော့ အန်တီလုံးက သားအကြီးရဲ့ မိသားစုနဲ့နေတယ်။ မြေးလေးက တစ်ယောက်တည်းရှိတယ်။ သူတို့က အလုပ်သွား၊ ကလေးက ကျောင်းသွားတော့ အိမ်မှာ အန်တီလုံး တစ်ယောက်တည်း အချိန်ကုန်တယ်။ အဲဒီမှာ ဘာတွေလုပ်ဖြစ်လဲဆိုတော့ မိသားစု စားဖို့သောက်ဖို့ ချက်တယ်၊ ပြုတ်တယ်၊ ဆွမ်းချက်လောင်းတယ်။ တစ်ပတ်ကို သံဃာအပါး ၁၀၀ ဆွမ်းချက်လောင်းတယ်။ ဆွမ်းချက်နေရရင်ကို အန်တီလုံးက ပျော်နေတာ’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

ဒေါ်လုံးတင်ကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ရင်း သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ ကာရိုက်တာတွေကတော့ ထမင်းချက်၊ အဝတ်လျှော် စတဲ့ အိမ်ဖော်အလုပ်၊ ခေါင်းဆောင်မင်းသား မင်းသမီးတွေရဲ့ အဒေါ်၊ အသိမိတ်ဆွေ၊ စတဲ့ ဇာတ်ကောင်တွေနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့ဖူးတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးပါ။ 





ဆက်စပ်အကြောင်းအရာများ


က္က