ကျန်းမာရေးလည်း ပြန်ကောင်းလာပြီ။

အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာခဲ့တဲ့ ကိုဘင်းဟာ အခုဆိုရင် ဇာတ်ကားတွေ ပြန်ရိုက်နေရပြီလို့ဆိုပါတယ်။ ပိုင်ဖြိုးသုရဲ့ ကျေးဇူးကြောင့်လည်း သူ့ရဲ့ ကျန်းမာရေး ပြန်ကောင်းလာပြီလို့ ပြောပါတယ်။

Photo: Ko Bean



ကိုဘင်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပြန်လည်ရိုက်ကူးခွင့်ရလာပြီလို့ဆိုပါတယ်။ သူဟာ ဇာတ်ကားမရိုက်ရတဲ့ အချိန်က ခံစားချက်ကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ဇာတ်ကားတွေ ပြန်ရိုက်လာရတော့ ဝမ်းသာတာပေါ့။ အရှေ့မှာ မရိုက်ခဲ့ရတုန်းကလည်း ဘာမှတော့ မဖြစ်ပါဘူး။ ခံစားမှုကတော့ ငါအသုံးမကျလို့ မခေါ်ကြတာလို့ပဲ မှတ်ပါတယ်။ ကိုယ် ကံမကောင်းသေးလို့ မရိုက်ရသေးဘူးဆိုပြီးတော့ ဒီလိုပဲ မှတ်လိုက်ပါတယ်။ စိတ်ဓာတ်ကျတာတွေလည်း မရှိဘူး’’ ဆိုပြီးတော့ အစပျိုးကာ ပြောပြခဲ့ပါသေးတယ်။

Photo: Ko Bean

ဇာတ်ကားတွေ မရိုက်ဖြစ်တဲ့ အချိန်မှာလည်း ကိုဘင်းက မိသားစုကို ပိုအချိန်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ ပရဟိတအလုပ်လေးတွေလည်း လုပ်ခွင့်ရလို့ စိတ်ချမ်းသာတယ်ဆိုပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့က ‘’ရောသမမွှေ’’ရုပ်ရှင်ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’အလုပ်မလုပ်ဖြစ်တဲ့ အချိန်မှာလည်း တခြား အိမ်နဲ့ပတ်သက်ပြီး ကိုယ်လုပ်စရာရှိတာလုပ်တယ်။ မိသားစုအတွက် ကလေးအတွက် အချိန်ပိုပေးဖြစ်သွားတယ်။ ပရဟိတအလုပ်လေးတွေ ပိုလုပ်ဖြစ်သွားတယ်။ အရင်တုန်းကဆိုရင် အချိန်ပိုမပေးနိုင်ဘူး။ အားတဲ့ အချိန်မှာလုပ်တော့ ကိုယ်လည်းပျော်တယ်။ စိတ်ပြေလက်ပျောက်လည်းဖြစ်တယ်’’ လို့ ဆိုပါတယ်။

Photo: Ko Bean

ကိုဘင်းဟာ ဇာတ်ကားရိုက်တွေ မရှိတဲ့အချိန်မှာ ကျန်းမာရေးလည်း သိပ်မကောင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ ကျေးဇူးကြောင့် ကျန်းမာရေးပြန်ကောင်းလာရတယ်လို့ လည်း သူကပြောပါတယ်။

‘’ အခု ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဂရင်ဂျီနာ ပေါက်တာ တစ်ခုပါပဲ။ ဆေးရုံတက်တုန်းကတော့ သွေးတွေ အကုန်စစ်တဲ့အချိန်မှာ သွေးတိုးရော၊ ဆီးချိုရော၊ ကျောက်ကပ်ရော ဘာမှ မရှိဘူး။ ဝမ်းသာလိုက်တာလေ။ ဂရင်ဂျီနာ ခွဲပြီးသွားတဲ့အချိန် အိမ်မှာ နားတာ ၁ လကျော်လောက်ကြာတယ်။ ဒါကလည်း ကျွန်တော့် ညီမလေး ပိုင်ဖြိုးသု ကောင်းလို့ပါ။ ကျွန်တော့်ကို သူတာဝန်ယူပြီးတော့ ခွဲပေးတာပါ။ အန်တီ့ကိုလည်း ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo: Ko Bean

ကိုဘင်းကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေ ကနေတဆင့် ဇာတ်ပို့သရုပ်ဆောင် တစ်ဦးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေက ချစ်စနိုးနဲ့ မစ္စတာဘင်း လို့လည်း ခေါ်ကြပါသေးတယ်။ သူ့ရဲ့ ဇနီးဖြစ်သူကလည်း ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ဖြစ်ပါတယ်။ တစ်ဦးတည်းသော သားလေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထားတာဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က