loading...

loading...

loading...

ပြောင်းလဲချင်တာတွေလည်းရှိတယ်။
Sabal Thwin

ပြေတီဦးကတော့ နှစ်သစ်မှာ ရုပ်ရှင်ကားကြီးတွေ နည်းနည်းပဲရိုက်ကူးဖြစ်တော့မယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင် သဘောကျနှစ်သက်မယ့် ကာရိုက်တာမျိုးပဲ ရိုက်ချင်တဲ့အကြောင်း ဖွင့်ဟ ပြောပြလာပါတယ်။

Photo: Pyay Ti Oo

သရုပ်ဆောင်ပြေတီဦးကတော့ ၂၀၂၀ ခုနှစ်အစမှာ ရုပ်ရှင်ရိုက်ကူးမှုတွေ နည်းတော့မယ်လို့ ဆိုပါတယ်။ အဓိက ကတော့ ကမ်းလှမ်းလာမယ့် ကာရိုက်တာတွေကို သေချာ စိစစ်ရွေးချယ်ပြီးမှ ရိုက်ကူးသွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“နောက်ထပ် နှစ်တွေမှာလည်း ကားရိုက်က အများကြီးလက်ခံဖြစ်မှာတော့ မဟုတ်တော့ဘူး။ အရေအတွက်ကတော့ တအားကြီးကို လျော့ကျသွားမှာပေါ့နော်။ ကျွန်တော်တို့ သွားချင်တဲ့ ပုံစံက မတူတော့ဘူးဆိုတော့ သေသေချာချာ ပြင်ပြင်ဆင်ဆင်လေးတွေနဲ့ ဇာတ်လမ်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကိုယ်လည်း သေသေချာချာ နှစ်သက်ပြီး ရိုက်ချင်တဲ့ ဇာတ်ကားတွေကိုပဲ ရွေးချယ်ရိုက်သွားမှာပါ။ ဇာတ်ကား တစ်ကားရိုက်ပြီဆိုရင်လည်း အချိန်က ၇ လနဲ့ ၈ လမှာ ပြီးကြတာဆိုတော့ ရိုက်မယ့် ကားတွေက နည်းသွားပေမယ့် ရိုက်ထားတဲ့ဇာတ်ကားတွေက အများကြီးကျန်ပါသေးတယ်။ တစ်ကားပြီးတစ်ကားရုံတင်လာပါလိမ့်မယ်” လို့ သူကဆိုပါတယ်။

Photo: Pyay Ti Oo

ဇန်နဝါရီလ ၂ ရက်နေ့မှာ ရုံတင်ပြသမယ့် ကမ္မဖလ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပြေတီဦးက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မောင်ကံကောင်း ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်ထားသူပါ။ ပရိသတ်တွေက ဒီဇာတ်ကားနဲ့ ပြေတီဦးကို အကယ်ဒမီ ရစေချင်ကြတဲ့ ဆန္ဒရှိတဲ့အပေါ် အခုလို ပြန်လည်ပြောပြလာပါတယ်။

“ အကယ်ဒမီဆိုတာထက် ပရိသတ်တွေရဲ့ ချစ်ခင်မှု၊ ပရိသတ်တွေရဲ့ အားပေးမှု၊ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုတွေဟာ ကျွန်တော်တို့အတွက် ပိုပြီးတော့ တန်ဖိုးရှိတဲ့ ဆုလာဘ်ပါ။ အကယ်ဒမီဆိုတာကို သိပ်မတွေးဖြစ်ဘူး။ ကျွန်တော့်ရဲ့ ကြိုးစားမှု၊ ကျွန်တော့်ရဲ့ အားထုတ်မှုတွေကို ပရိသတ်တွေ အသိအမှတ်ပြုစေဖို့၊ အားပေးဖို့ ကိုပဲ ကျွန်တော် အဓိက ထားပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ကမ္မဖလ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Pyay Ti Oo

၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီ ရင်ခုန်မှုမှာတော့ ဇနီးချောဖြစ်သူ အိန္ဒြာကျော်ဇင်အတွက် ရင်ခုန်တယ်လို့ ပြေတီဦးက ပြောပါတယ်။

“ အူဝဲအတွက်တော့ ရင်ခုန်ပေးရမှာပါ။ ရခဲ့ရင်လည်း ပျော်မှာပါ။ မရဘူးဆိုရင်လည်း ကျွန်တော်တို့က ကောင်းတဲ့ဘက်ကမြင်ပြီးတော့ လက်ခံနိုင်ရမယ်။ လောကကြီးမှာ ကိုယ့်စိတ်ဆန္ဒနဲ့ မတိုက်ဆိုင်တိုင်း ရန်တွေလုပ်ကြမယ်ဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး။ ဘယ်နေရာမှာ မဆို အကျိုးရယ်၊ အကြောင်းရယ် ရှိတယ်ဆိုတဲ့ သဘောတရားကို ကျွန်တော်တို့က နားလည် လက်ခံရမယ်။ အများကြီး မျှော်လင့်ထားတာမျိုးလည်း မရှိပါဘူး” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Pyay Ti Oo

ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ အခုဆိုရင်တော့ သုဒ္ဒါ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က