အရင်ကလို ဗီဒီယိုခေတ် မဟုတ်တော့ဘူးလေ။

မိုးအောင်ရင်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေက ဇာတ်ကားတွေ ပြန်ရိုက်စေချင်တဲ့အပေါ် သူ့ရဲ့ စကားသံကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Moe Aung Yin



မိုးအောင်ရင်ကတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေဆီက စာတွေအမြဲရောက်တယ်လို့ ပြောပါတယ်။ သူ့ကိုလည်း ဇာတ်ကားတွေ ပြန်ရိုက်ဖို့ တိုက်တွန်းကြတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ပရိသတ်တွေက အခုနောက်ပိုင်း ကျွန်တော့်ရဲ့ Facebook Page မှာရော၊ အကောင့်မှာရော Massage ကနေ ခဏခဏ လာလာပြောကြတယ်။ ဇာတ်ကားတွေ ပြန်ရိုက်ပါတော့ ကြည့်ချင်လှပြီဆိုတော့ အရင်ကလို ဗီဒီယိုခေတ်ဆိုရင်တော့ ဟုတ်တာပေါ့။ ရိုက်လို့ပြီးတာနဲ့ ၃ လ ၄လ လောက်ဇာတ်ကားတွေ ဆက်ပြီးရင် ထွက်ပြီ။ အရင်တုန်းကတော့ ဗီဒီယိုခေတ်ပေါ့နော်။ အခုက ရုပ်ရှင်ခေတ်ဆိုတော့ တွေ့သမျှ ဇာတ်အကုန်လုံးလည်းရိုက်ဖြစ်တော့မှာ မဟုတ်ပါဘူး” ဆိုပြီးတော့ မတ်လ ၄ ရက်နေ့က Woodland Bar ဖွင့်ပွဲကို တက်ရောက်ရင်း ပြောပြခဲ့တာပါ။ 

Photo: Moe Aung Yin

မိုးအောင်ရင်ကတော့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ စတင်ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ တာဖြစ်ပါတယ်။ ထောင်က ထွက်လာပြီးတဲ့အချိန်မှာတော့ သူဟာ ဘုရား၊ တရားအလုပ်လည်း ပိုလုပ်လာတာဖြစ်သလို အနုပညာအလုပ်တွေလည်း လုပ်နေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Photo: Moe Aung Yin

အနုပညာအလုပ်တွေနဲ့ ပတ်သက်လာရင် အရင်ကလို လာကမ်းလှမ်းသမျှ ကာရိုက်တာတွေ လက်မခံတော့ဘူးလို့ မိုးအောင်ရင်က ပြောပါတယ်။ သူကိုယ်တိုင်ယုံကြည်ရတဲ့ ဇာတ်ကားမျိုးကိုပဲ ရိုက်ကူးတော့မယ်လို့လည်း ဆိုပါတယ်။ 

“ ကျွန်တော့်ကို ဇာတ်ကားရိုက်ဖို့ လာကမ်းလှမ်းထားတာ ၄ ကား ၊ ၅ ကားလောက်ရှိတယ်။ ဒါပေမယ့် တကယ်တမ်းရိုက်ဖြစ်တာ ၁ ကားပဲရှိသေးတယ်။ ကျွန်တော်လက်ခံလိုက်တဲ့ ဇာတ်ရုပ်အပေါ် သေသေချာချာ စိစစ်ပြီးတော့ တကယ်အောင်မြင်မယ့် ဇာတ်ကား၊ ကျွန်တော်ကိုယ်တိုင် ယုံကြည်တဲ့ ဇာတ်ကားမျိုးကိုမှ ရိုက်တော့မယ်လို့ ဆုံးဖြတ်ထားတယ်” လို့ သူကဆိုပါတယ်။ 

Photo: Moe Aung Yin

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတ ဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူ ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က