ဇန်နဝါလီ ၂ရက်နေ့ကတည်းက ရုံစတင်ခဲ့တာဖြစ်ပါတယ်။
Sabal Thwin

(၃က) ရုပ်ရှင်ဇာတ်ကားဟာ ရုံစတင်တဲ့နေ့ကစပြီး အောင်မြင်မှု မရရှိခဲ့တဲ့အပေါ် စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ထုတ်လုပ်သူ ဦးဝင်းကြည်က ပြောပါတယ်။ ကြည့်ပြီးသား ပရိသတ်တွေကတော့ ကောင်းတဲ့ Feedback တွေ ပေးထားတယ်လို့ သိရပါတယ်။ 

Photo: 3A

လက်ရှိရုံတင်ပြသလျှက်ရှိတဲ့ (၃က) ရုပ်ရှင်ဇာတ်ကားကြီးဟာ မျှော်လင့်ထားသလောက် အောင်မြင်မှု မရရှိဘူးလို့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးဝင်းကြည်က Duwun Media ရဲ့ အင်တာဗျူးမှာ ပြောပြလာပါတယ်။ ဇာတ်ကားကောင်းပေမယ့် ပံ့ပိုးမှုအားနည်းခဲ့တာတွေ များတယ်လို့ သူကဆိုပါတယ်။ 

“ (၃က) ရုပ်ရှင်ဇာတ်ကားက ရုံစတင်တဲ့နေ့မှာတင် လူဝင်တာ နည်းပါတယ်။ ဒါပေမယ့် ကြည့်ပြီးတဲ့ သူတွေကတော့ ကောင်းတယ်လို့ပြောကြတယ်။ လူဝင်တာ နည်းတဲ့ အရေအတွက်ကတော့ ဦးလည်း သေချာ မပြောပြတတ်သေးဘူး။ အားလုံးကတော့ Marketing ကြောင့် ဖြစ်တယ်လို့ ပြောကြတာပဲ။ သိပ်မသိကြဘူးလို့ပြောတယ်။ ကျွန်တော်တို့လည်း သေချာအပ်ထားတာပဲ ဘယ်လို အားနည်းသွားတာလဲတော့ မသိပါဘူး။ စိန်ဌေး Page ကနေကြော်ငြာတော့လည်း 6.4 M တွေ ရောက်သွားပေမယ့် New Feed မှာ မပေါ်ဘူးလို့လည်း ပြောကြတယ်။ နည်းပညာဘာအားနည်းသွားလဲ မသိဘူး” လို့ ပြောပါတယ်။ 

Photo: 3A

(၃က) ရုပ်ရှင်ဇာတ်ကားကတော့ မိန်းမတစ်ဦးရဲ့ ဘဝရပ်တည်မှု၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စိတ်ဆန္ဒမပါပဲ လုပ်ခဲ့ရတဲ့ အလုပ်တွေ၊ ပြီးတော့လည်း သူမရင်ဆိုင်နေရတဲ့ဘဝ ခရီးမှာ သမီးလေးဆိုတာ ရှိလာတဲ့အတွက် မိခင်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေကို ဒါရိုက်တာ အောင်ချမ်းလူက အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတာပါ။ ဒီဇာတ်ကား ဖန်တီးမှုအပိုင်းတွေကိုတော့ ထုတ်လုပ်သူ ဦးဝင်းကြည်က စိတ်ကျေနပ်မှု အပြည့်ရှိတယ်လို့ ဆိုပါတယ်။ 

“ ကျွန်တော်ကတော့ ဇာတ်လမ်းလေးကို ကိုယ်ကြိုက်လို့ ကိုယ်ရိုက်တာပါပဲ။ အနုပညာရှင်တွေ အားလုံးက ကြိုးစားကြပါတယ်။ ပရိသတ်ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာကတော့ သူတို့ပဲ ဆုံးဖြတ်ပေါ့။ ပရိသတ်အကြိုက်ရိုက်ရမလားဆိုတာကိုလည်း စဉ်းစားနေပါတယ်။ (၃က) ဇာတ်ကားမှာလည်း သရုပ်ဆောင်အသစ်တွေလည်းပါတယ် သေသေချာချာလေးရိုက်ထားတာပဲလေ။ နောက်ထပ်ရိုက်ထားတာတွေလည်း ရှိပါသေးတယ်။ မျှပြီးတော့ ရိုက်ရမှာပေါ့” လို့ သူက ဆိုပါတယ်။ 

Photo: 3A

(၃က) ရုပ်ရှင်ဇာတ်ကားကို အားပေးတဲ့ ပရိသတ်နည်းတာကြောင့် ထုတ်လုပ်ရေးအပိုင်းမှာ နစ်နာမှုတွေ အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဘယ်လို ဇာတ်ကားမျိုးတွေ ဖန်တီးဖို့ လိုအပ်မလဲ ဆိုတာကို စဉ်းစားသွားမယ်လို့ ထုတ်လုပ်သူ ဦးဝင်းကြည်က ပြောပါတယ်။ 

“ ဆုံးရှုံးတာတွေလည်း ရှိခဲ့ပါတယ်။ ငွေရေး၊ ကြေးရေး ဆုံးရှုံးတာပါ့နော်။ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာကိုတော့ နည်းနည်းလေး တွေဝေသွားတာပေါ့နော်။ ရေရှည်တော့ ဘယ်လိုသွားရမယ်ဆိုတာ ပြန်စဉ်းစားရမှာပေါ့။ ဒါပေမယ့် ကိုယ်ရိုက်ထားပြီးသားကတော့ ပြီးသွားပြီလေ။ ကိုယ်ရိုက်ထားတာကိုတော့ ကိုယ်တိုင်က ကျေနပ်ပါတယ်။ ဒါပေမယ့် ပရိသတ်က ဆက်အားမပေးဘူးဆိုရင် ရေရှည်အခက်အခဲရှိတာပေါ့။ နန်းဆုဦးနဲ့ကလည်း နောက်ထပ် ၂ ကားလောက်ရုံတင်ဖို့ရှိပါသေးတယ်” လို့ ဆိုပါတယ်။ 

Photo: 3A

(၃က) ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၂ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာအောင်ချမ်းလူက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ချမ်းမင်းရဲထွဋ်၊ နန်းဆုဦး၊ စိုးမြတ်သူဇာ နဲ့ ကလေးသရုပ်ဆောင် ဟိန်းသီရိစံ တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က