ကိုခန့်စည်သူတို့နဲ့ရိုက်မှာပါ။

သရုပ်ဆောင် ဘုန်းလျှံကတော့ ထောင်က ထွက်လာပြီးတဲ့နောက်မှာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွဲ စရိုက်တော့မယ်လို့ ဆိုပါတယ်။ 

Photo: Bhone Hlan



ဘုန်းလျှံက COVID-19 ကာလ အတွင်းမှာ ဇာတ်လမ်းတွဲ ရိုက်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ စီနီယာ အစ်ကိုဖြစ်တဲ့ ခန့်စည်သူ နဲ့ ရိုက်ကူးသွားမှာဖြစ်တဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုလက်ရှိမှာတော့ ကြော်ငြာတွေ ရိုက်ဖို့ မရှိသေးပါဘူး။ ဇာတ်ကားတွေ ရိုက်လို့ရပြီဆိုရင်တော့ အစ်ကို ဇာတ်လမ်းတွဲလေး တစ်ခု စရိုက်ဖို့ စီစဉ်ထားတယ်။ ၁၂ လပိုင်းမှာ ဇာတ်လမ်းတွဲရိုက်ဖို့ အတွက် လာကမ်းလှမ်းထားတာတွေရှိတယ်။ ကိုခန့်တို့နဲ့ ရိုက်မှာပေါ့။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ခပ်ကြမ်းကြမ်းကောင်လေးတစ်ယောက် ကာရိုက်တာပေါ့။ စိတ်ထားနူးညံ့တယ်၊ သဘောတော့ကောင်းတယ်။ ဒါပေမယ့် အပြင်မှာကျတော့ ခပ်ကြမ်းကြမ်း နေတတ်တဲ့စရိုက်ရှိတဲ့ လူငယ်ကာရိုက်တာနဲ့ ပါဝင်ရမှာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Bhone Hlan

ဘုန်းလျှံကတော့ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်တော့မှာဖြစ်လို့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပြီလို့ ဆိုပါတယ်။ ပုံစံ အသစ်နဲ့ ဘုန်းလျှံကို ပရိသတ်တွေ မြင်ရမှာပါလို့ ဆက်လက် ပြောပြလာပါတယ်။ 

“ ဇာတ်ကားအတွက် ခန္ဓာကိုယ်အပိုင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရတယ်။ အခုက နည်းနည်း ဝနေတော့လေ။ အရင်တုန်းက ဘုန်းလျှံကို ပြန်ပြီး တွေ့ရတော့မှာ မဟုတ်ပါဘူး။ အခု ဘုန်းလျှံ အသစ်ကို ပြန်တွေ့ရမှာပါ။ New Born ဘုန်းလျှံပါပေါ့။ ကျွန်တော် ဒီအလုပ်ကို ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ လုပ်သွားမှာပါ။ ယုံယုံကြည်ကြည်နဲ့ ပေးလာသမျှ ၊ ရလာသမျှအခွင့်အရေးအားလုံးကို ကျွန်တော့်ဘက်က ကြိုးစားမှာပါ။ ပရိသတ်တွေကလည်း ကျွန်တော့်ရဲ့ အရည်အချင်းတွေကို လက်ခံပေးပါ၊ အသိအမှတ်ပြုပေးပါလို့ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။  

Photo: Bhone Hlan

ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇)နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က