အနန္တမေတ္တာ ပရဟိတ အဖွဲ့လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
Sabal Thwin

ဦးကျော်သူကတော့ အနန္တမေတ္တာ ပရဟိတအဖွဲ့ နဲ့ ပူးပေါင်းပြီး စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ အနုပညာလောကသားတွေအတွက် (၂) ရက်တိုင်တိုင် စားနပ်ရိက္ခာတွေ၊ လူသုံးကုန်ပစ္စည်းတွေ လှူဒါန်းသွားမယ်လို့ သိရပါတယ်။  

ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်းနဲ့ အနန္တမေတ္တာ ပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး နွမ်းပါးသော ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် (၄၀၀) အတွက် စားနပ်ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့အကြောင်း ဦးကျော်သူက Duwun ကိုပြောပါတယ်။ 

“Covid ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ အသင်းကတော့ လုပ်စရာရှိတဲ့ အလုပ်တွေပေါ့နော် ဆေးတွေ လိုက်ဖြန်းတယ်၊ ဆေးရုံတွေကို ဆေးဝါးကုသရေး ပစ္စည်းတွေ၊ PPE ဝတ်စုံတွေ၊ Mask လှူတာတွေ လှူတယ်။ ပြီးတော့ ကိုယ့်အနုပညာလောကသားတွေအတွက် မလုပ်ပေးရသေးတာတွေရှိတော့ ဆရာမက သူတို့ အနန္တမေတ္တာ ပရဟိတအသင်းက ဇာတ်ပို့ ဇာတ်ရံတွေအတွက် လှူချင်တယ်လို့ ပြောလာတာနဲ့ လှူဖြစ်တယ်။ ဆန်၊ ဆီ၊ သကြား၊ လူသုံးကုန်ပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေ၊ မိုးကာအင်္ကျီတွေ လှူတယ်။ ဇာတ်ပို့ ဇာတ်ရံ (၄၀၀) စာအတွက်ပေါ့။ မနက်ဖြန်တော့ ဇာတ်ညွှန်းအလွှာရယ်၊ အစည်းအရုံး ဝန်ထမ်းတွေရယ်၊ နာယက ကြီးတွေရယ်ကို လှူသွားမယ်” လို့ မေလ ၂၅ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်တဲ့ အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

မေလ (၂၆) ရက်နေ့မှာလည်း နွမ်းပါးသော ဇာတ်ညွှန်းအလွှာမှ အနုပညာသမားတွေအတွက် စားနပ်ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းတွေ ဆက်လက် လှူဒါန်းသွားဖို့ရှိတယ်လို့ ဦးကျော်သူက ပြောပါတယ်။ နှစ်ရက်ပေါင်း လူဦးရေ (၆၀၀) စာအတွက် လှူဒါန်းခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ 

COVID-19 ကာလမှာ အလှူအတန်းတွေ လုပ်နေရတဲ့အပေါ် ဦးကျော်သူရဲ့ သဘောထားကိုလည်း အခုလို ပြောပြလာပါတယ်။ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အနုပညာလောကသားတွေအတွက် အလှူရှင်တွေ ထပ်မံ ထွက်ပေါ်လာစေချင်တယ်လို့လည်း သူက ဆိုပါတယ်။ 

“ လိုအပ်နေတဲ့သူတွေကို ပေးတာ လှူတာက ကောင်းတဲ့ စိတ်ပဲ။ ကိုယ်တွေ လှူတဲ့ ပစ္စည်းတွေကို သူတို့ သုံးတယ်ဆိုရင် အလွန်ဆုံး (၁၀) ရက်လောက်ပဲ သုံးလို့ရမှာ။ (၁၀) ရက်ကျော်လာရင် သူတို့ ဘာဆက်လုပ်ကြမလဲ ဆိုတာကို ကိုယ်ချင်းစာစိတ်နဲ့ ကျွန်တော် စဉ်းစားဖြစ်တယ်။ အနုပညာသမားဆိုတာ အနုပညာအလုပ်နဲ့ပဲ ဝမ်းစာရှာရတာ။ ဒါကြောင့် အလှူရှင်တွေ ပေါ်ပေါက်လာဖို့ အရေးကြီးတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

ကျော်သူဟာ ၂၀၀၇ခုနှစ်နောက်ပိုင်းမှာ အနုပညာအလုပ်တွေရပ်နားခဲ့ပြီး နာရေးကူညီမှုအသင်း နဲ့ အတူ နောက်ထပ် ပရဟိတ လုပ်ငန်းများစွာကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။ အခုချိန်မှာတော့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ၁၉၉၄ခုနှစ်မှာတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို ''အမေ့နို့ဖိုး'' ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က