ရုပ်ရှင်အစည်းအရုံးကနေတဆင့် လှူခဲ့တာပါ။

အေးမြတ်သူဟာ သူမရဲ့ မွေးနေ့မှာ အလှူမလုပ်ဖြစ်ခဲ့ပေမယ့် ရုပ်ရှင်အစည်းအရုံးကနေတဆင့် ဇာတ်ပို့ ဇာတ်ရံ အဖွဲ့သားတွေနဲ့ စက်မှု လုပ်သားတွေအတွက် တတ်နိုင်သလောက်ကူညီပေးခဲ့တယ်လို့ဆိုပါတယ်။ 

အေးမြတ်သူကတော့ ဒီနေ့ ဇွန်လ(၁၉) ရက်နေ့ မနက်ပိုင်းက ရုပ်ရှင်အစည်းအရုံးကို ငွေကျပ်(၁၀) သိန်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒီအလှူလေးဟာ သူမအတွက် တန်ဖိုးရှိတဲ့ အလှူလေး ဖြစ်တယ်ဆိုတာကို Duwun ကနေ ပြောပြလာပါတယ်။ 



“ ၂၂ ရက်နေ့မှာ ကိုယ့်ရဲ့ အစ်ကိုတွေ၊ မောင်နှမတွေဖြစ်တဲ့ အခြေခံ စက်မှုလုပ်သားတွေရော၊ ဇာတ်ပို့ ဇာတ်ရံ အလွှာတွေကို အစည်းအရုံးက လိုအပ်တဲ့ အိမ်သုံးပစ္စည်းလေးတွေ မျှဝေဖို့ရှိတယ်ဆိုတော့ ကိုယ်တိုင်ကလည်း သူတို့ လိုအပ်နေတယ်ဆိုတာကို တကယ်သိတာဆိုတော့ တစ်နိုင်တစ်ပိုင်လေး အလှူလည်း ပါဝင်ချင်ခဲ့တယ်။ ကိုယ် မွေးနေ့တုန်းကလည်း ဘာမှ မသုံးတော့ ဘာမှ မကုန်ထားဘူးလေ အဲဒါကြောင့် (၁၀) သိန်း လှူဖြစ်ခဲ့တယ်။ ဝင်ငွေ မရှိတဲ့အချိန်မှာ လှူရတဲ့ အလှူဖြစ်လို့ ပိုပြီးတော့ တန်ဖိုးထားတယ်” ဆိုပြီးတော့ ဇွန်လ ၁၉ ရက်နေ့ က အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

COVID-19 ကာလမှာ ရိုက်ကူးရေးတွေ ရပ်နားထားတာကြောင့် စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးချင်နေခဲ့တာလို့လည်း အေးမြတ်သူက ပြောပါတယ်။ 

“ လက်ရှိ စက်အဖွဲ့ပဲဖြစ်စေ၊ ဇာတ်ပို့ ဇာတ်ရံပဲဖြစ်စေ အားလုံးက ကိုယ်နဲ့ အလုပ်လုပ်ဖူးတဲ့သူတွေချည်းပဲ။ သူတို့လည်း အခက်အခဲ အကြပ်အတည်းဖြစ်တယ်၊ ကိုယ်လည်း အတူတူပဲ အရမ်းပေါများနေတဲ့သူတော့ မဟုတ်ပါဘူး။ မွေးနေ့ မလုပ်လိုက်တဲ့ ပိုက်ဆံတွေကို သိမ်းထားမယ်ဆိုပေမယ့် ကိုယ့်ထပ် အကြပ်အတည်းဖြစ်နေတဲ့ မောင်နှမတွေကို ကူညီပေးမယ်လို့ ရည်ရွယ်လိုက်တာပါ။” လို့ ဆက်လက် ပြောပြလာပါတယ်။ 

အေးမြတ်သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ဖြစ်ပါတယ်။ သူမက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က