စိတ်ဓာတ်မကျပဲ ကြိုးစားစေချင်တယ်။

ဂွမ်းပုံလေးဟာ ဗီဒီယိုဈေးကွက် လျှော့နည်းသွားတဲ့အချိန်မှာ အနုပညာအလုပ်တွေ ရပ်နားလိုက်ရတဲ့ ဇာတ်ပို့သရုပ်ဆောင် မောင်နှမတွေအတွက် အားပေးစကားဆိုခဲ့ပါတယ်။  

Photo: Goon Sein



ဇာတ်ပို့သရုပ်ဆောင် အကယ်ဒမီ ဂွမ်းပုံလေးကတော့ အနုပညာအလုပ်တွေကို ကျန်းမာရေးကြောင့် ဆက်မလုပ်နိုင်တော့တဲ့ ဇာတ်ပို့ သရုပ်ဆောင်တွေအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဗီဒီယို ဈေးကွက် ပျက်သွားတဲ့အပေါ်မှာလည်း အလုပ်တွေ ရပ်နားခဲ့ရတဲ့ အနုပညာမောင်နှမတွေကိုလည်း စိတ်ဓာတ်မကျဖို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 

“အနုပညာရှင်ဟာ အနုပညာအလုပ် မလုပ်ရဘူးဆိုရင် ရင်ထဲမှာ စိတ်ကျရောဂါတွေ ဖြစ်လာတတ်ကြတယ်။ အဲဒါကြောင့်မို့လို့ စိတ်ဓာတ်တွေ မကျပါနဲ့။ မဂွမ်းဆိုလည်း ဗီဒီယိုခေတ်ကတည်းကနေပြီးတော့ ဒီနေ့ ဒီအချိန်ထိ ရိုက်လာရတယ်ဆိုပေမယ့် တစ်ခါတလေကျရင် ကားရိုက်တွေ နားခဲ့ရတာမျိုးရှိတယ်။ နည်းနည်း အခက်အခဲဖြစ်သွား တာပါ။ ဒါကြောင့် စိတ်ဓာတ်မကျစေချင်ဘူး” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထရီဇာခိုင် ရဲ့ မြန်မာဝတ်စုံဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Goon Sein

ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာလည်း အသက်အရွယ်ကြီးပြီး ကျန်းမာရေးမကောင်းဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ တက္ကသိုလ်ဂွမ်းပုံလေးက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ လက်ရှိမှာလည်း ဇာတ်ပို့သရုပ်ဆောင် ဒါရိုက်တာ ခင်လှိုင်နဲ့ အတူ ဇဝနဖောင်ဒေးရှင်းကနေ တဆင့် လစဉ်လတိုင်း ဇာတ်ပို့သရုပ်ဆောင်၊ လူရွှင်တော်ကြီးတွေရဲ့ ကျန်းမာရေးအတွက် ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။ 

Photo: Myat Thaw

အနုပညာအလုပ်တွေကို အတူတူကြိုးစားလက်တွဲခဲ့တဲ့ မောင်နှမတွေကိုလည်း စိတ်ဓာတ်မကျဖို့ ဂွမ်းပုံလေးက အားပေးစကားပြောခဲ့ပါသေးတယ်။ 

“ဘုရား၊ တရား များများလုပ်မယ်။ ပြီးရင် ဘဝဆိုတာက လှော်တက်တွေလိုပဲ။ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ အတူ ညာဘက် တက်နဲ့ လှော်လို့မရရင် ဘယ်ဘက်က တက်နဲ့လည်း လှော်ရမယ်။ လှော်တက်တွေ မရှိတော့ရင် လက်ထိုးလှော်ရမယ်ကွာ။ ပြဿနာ တစ်ခုဆိုတာလည်း ရင်ဆိုင်ဖြေရှင်းရတာလေ။ အဲဒါကို စိတ်ဓာတ်ကျနေဖို့ မလိုဘူးလို့ ခွန်အားပေးချင်ပါတယ်။ မဂွမ်းကတော့ ပရိသတ်တွေအတွက် အသက်နဲ့ ခန္ဓာ တည်မြဲနေသ၍ ၊ ကျန်းမာရေးကောင်းမွန်နေသ၍ ပေးအပ်တဲ့ တာဝန်ကို အကောင်းဆုံး ကြိုးစားမယ်လို့လည်း ကတိပေးပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Goon Sein

ဂွမ်းပုံလေးဟာ ရုပ်ရှင်ကို ကာလာနဲ့စတင်ရိုက်ကူးခဲ့စဉ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ခဲ့သူဖြစ်ပါတယ်။ သူမဟာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တာကြောင့် ၁၀ စုနှစ် တစ်စု ကျော်လာတဲ့အချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိလာတဲ့ ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု အဖြစ် "ဤအရာကိုအချစ်ဟုခေါ်သလား" ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိထားသူဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က