ဘယ်လို ဇာတ်လမ်းဖြစ်မလဲ။ စိတ်ဝင်စားနေပြီမို့လား။
Sabal Thwin

Project K အဖွဲ့နဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ ပထမဆုံး အတူတွဲသရုပ်ဆောင်မှုတွေကိုတော့ “Before & After (ပြောင်းလဲခြင်း နောက်ကွယ်)” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ တွေ့ရတော့မှာဖြစ်ပါတယ်။

“Before & After(ပြောင်းလဲခြင်းနောက်ကွယ်)” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲကိုတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး M3 Food Center မှာ မီဒီယာတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ Project K အဖွဲ့ ၇ ယောက်စလုံးကလည်း ပါဝင်ခွင့်ရတာဖြစ်လို့ သူတို့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့ Project K အဖွဲ့အနေနဲ့ကတော့ ဒီဇာတ်ကားမှာ ဒရာမာဇာတ်လမ်းပုံစံမျိုးတွေပါတာပေါ့။ ပရိသတ်တွေ အမြင်မှာ ကျွန်တော်တို့ အဖွဲ့က ပျော်ပျော်ပါးပါး စစ နောက်နောက် ပုံစံမျိုးကိုတွေ့တာများတယ်။ ကျွန်တော်တို့အတွက်တော့ ဒီဇာတ်ကားက စိန်ခေါ်မှု တစ်ခုလို့ပြောလို့ရတယ်။ တစ်ခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာဖြစ်တဲ့အတွက် စိတ်ပူတယ်။ ဒါပေမယ့် အကောင်းဆုံး ကြိုးစားသွားမှာပါ” ဆိုပြီးတော့ Project K တစ်ဖွဲ့လုံးကိုယ်စား ထက်ဘုန်းနိုင်က ပြောပြခဲ့ပါတယ်။

Before & After(ပြောင်းလဲခြင်း နောက်ကွယ်) ရုပ်သံဇာတ်လမ်းတွဲကတော့ ဒရာမာ ဇာတ်လမ်းတစ်ခုတည်း မဟုတ်ဘဲ ပရိသတ်ကို ရသစုံ ပေးနိုင်မယ့် ဇာတ်ကားတစ်ခုပါ။ ဒီဇာတ်လမ်းတွဲထဲက အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပါဝင်ကြမယ့် အနုပညာရှင်တွေ ကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားလို့နေပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ ဒီဇာတ်ကားထဲမှာ သင်ဇာဝင့်ကျော်နဲ့အတူ Project K အဖွဲ့တို့ရဲ့ ပထမဆုံးအတူတွဲသရုပ်ဆောင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပြီး ဝါဝါဝင်းရွှေရဲ့ မြေးလေး ဝါရွှေနွယ်သွေးဝင်းကလည်း ပါဝင်သရုပ်ဆောင်လာ မှာဖြစ်ပါတယ်။ “Before & After (ပြောင်းလဲခြင်းနောက်ကွယ်)” ရုပ်သံဇာတ်လမ်းတွဲကိုတော့ Mahar mobile ရုပ်သံလိုင်းမှာ ပြသသွားမှာဖြစ်ပါတယ်။

Before & After (ပြောင်းလဲခြင်းနောက်ကွယ်) ရုပ်သံဇာတ်လမ်းတွဲကို Mahar ရုပ်သံလိုင်းက ရိုက်ကူးပြီး ဆောင်းညပြာသို ထုတ်လုပ်ရေးက ထုတ်လုပ်မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Project K ၊ အကယ်ဒမီရဲအောင်၊ သင်ဇာဝင့်ကျော်၊ ဝါရွှေနွယ်သွေးဝင်း၊ အောင်လေး၊ ထူးမြတ်၊ ဇွဲလရောင်၊ ထက်ကိုကိုလင်း၊ ထက်ယံအောင်၊ ထက်ကိုကိုလင်း၊ ဆန်းလင်းထွဋ်၊ ဆက်နိုင်၊ မင်းဆက်သစ်၊ နေထွဋ်၊ ဧဒင်၊ သိမ်မွေ့သံစဉ်၊ စောယုနန္ဒာ၊ သံသာမိုးထက်၊ သင်းသဒ္ဒါ၊ ဆုရွက်ဝေ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာပါ။




ဆက်စပ်အကြောင်းအရာများ


က္က