ရေခဲတောင် ရိုက်ကွင်းပေါ်က အမှတ်တရကို ပြောလာပါတယ်။

မြင့်မြတ်က ရေခဲတောင်က ရုပ်ရှင်ရိုက်ကွင်းမှာ ရေ ၁၄ ရက်မချိုးခဲ့ရတဲ့ အမှတ်တရတွေကို သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ တောင်ပေါ်ဒေသဖြစ်တာကြောင့် ရေသန့်သောက်ဖို့ဆိုတာလည်း ခက်ခဲပါတယ်တဲ့။

Photo: Myat Wai Tun



သရုပ်ဆောင် မြင့်မြတ်က ပူတာအိုမြို့က ရေခဲတောင်မှာ ရက်အတော်ကြာ ‘’နှင်းပွင့်စေရာ’’ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့ရတဲ့ အတွေ့အကြုံကိုပြောပြလာပါတယ်။ အေးလွန်းလို့ ရေတောင်မချိုးရတဲ့ရက်တွေ များတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’၁၄ ရက် ရေမချိုးဘူး၊ ယုံလားတော့ မသိဘူး။ ချိုးလို့လည်း မရဘူးလေ။ ချိုးလိုက်လို့ တစ်ခုခုဖြစ်သွားပြန်ရင်လည်း အခြေအနေမကောင်းဘူးလေ။ ဒါပေမယ့် ခေါင်းတွေလျှော်၊ ရေပတ်တွေတော့ တိုက်တာပေါ့။ ရေလုံးလုံးမချိုးတာတော့ ၁၄ ရက်ပေါ့’’ လို့ ဒယ်ဒီဖားကင် ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း မီဒီယာအင်တာဗျူးမှာ ဟက်ဟက်ပက်ပက် ရယ်မောပြောပြခဲ့ပါတယ်။

Photo: Myat Wai Tun

ရေခဲတောင်မှာလည်း နေရာဒေသတချို့ ပြိုကျမှုတွေရှိတာကြောင့် သောက်ရေသန့် သောက်ဖို့ အခက်အခဲတောင် ရှိတယ်လို့ မြင့်မြတ်က ပြောပါတယ်။ အရက်ကိုတောင် ရေနွေးနဲ့ သောက်ခဲ့ရတဲ့ အမှတ်တရကိုလည်း သတိတရ ပြောလာပါသေးတယ်။

‘’ရေသန့် ကုန်သွားလို့ တောင်တွေကလည်း ပြိုထားတဲ့အခါကျတော့ သောက်ဖို့အတွက် ရေတွေလည်း အချိန်မီ လိုက်မပို့နိုင်ဘူးပေါ့နော်။ စမ်းချောင်းက ရေကိုပဲ ကျိုသောက်ရတဲ့ ရက်တွေလည်းရှိတယ်။ အရက်ကိုလည်း စမ်းချောင်းကရေကို ကျိုထားတဲ့ ရေနဲ့ ရောသောက်ရတဲ့အခါမျိုးတွေလည်းရှိတယ်။ တော်တော်လေးတော့ ဘဝမှာ ပရမ်းပတာ အမှတ်တရလေးပေါ့။ တစ်ခါမှ အရက်ကို ရေနွေးနဲ့ရောမသောက်ခဲ့ဖူးဘူး’’ လို့ သူကဆိုပါတယ်။

Photo: Myat Wai Tun

အဲဒီနောက် ရိုက်ကူးရေးပြီးလို့ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ မိသားစုကိုတွေ့ရတဲ့အခါ အရမ်းပျော်တယ်လို့ ဆိုပါတယ်။ နောက်ထပ်လည်း ဇနီးချောလေးအပေါ် အပြစ်မမြင်ရတော့လောက်တဲ့ သင်ခန်းစာတွေလည်းရခဲ့တယ်လို့ မြင့်မြတ်က ပြောပါတယ်။

‘’သေချာတာကတော့ ခံစားရတယ်ဆိုတာထက် အရမ်းဝမ်းသာတာပေါ့နော်။ အရမ်းလည်းပျော်တယ်၊ ကြည်နူးမိတယ်။ သေချာတာကတော့ နောက်ဆို မိန်းမ ဘာပဲချက်ကျွေး၊ ချက်ကျွေး ဂျီးမများဘူး။ ဘယ်လိုနေရာမှာပဲ ရောက်ရောက် အပြစ်မမြင်တော့ဘူး။ မပြောတော့ဘူး။ အဲဒါကတော့ ကျွန်တော် သင်ခန်းစာ ကောင်းကောင်းရသွားပါပြီ’’ လို့ သဘောကျရယ်မောရင်း ပြောလာပါတယ်။

Photo: Myat Wai Tun

‘’နှင်းပွင့်စေရာ’’ရုပ်ရှင်ကားကြီးထဲမှာတော့ မြင့်မြတ်နဲ့ သင်ဇာဝင့်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မြင့်မြတ်ဟာ အနုပညာနဲ့ ပတ်သက်လာရင် ပေးအပ်လာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံးကြိုးစားပြင်ဆင်လေ့ရှိတဲ့ သရုပ်ဆောင်တစ်ဦးပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုစာကို ရောက်ရှိနေတာဖြစ်ပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က