၉၀ ရာခိုင်နှုန်းကျော် အားကိုးရတယ်။

ခင်လှိုင်ဟာ သူ့ရဲ့ အလုပ်မှာရော၊ သားဖြစ်သူ နေရဲ နဲ့ သမီးဖြစ်သူ သဇင်ထူးမြင့် တို့ရဲ့ အလုပ်တွေနဲ့ပတ်သက်လာရင် ဇနီးဖြစ်သူ မငယ်လေးက အားကိုးရတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ အနုပညာအလုပ်တွေကိုလည်း စိတ်ချလက်ချ လုပ်လို့ရတယ်လို့ ခင်လှိုင်က ဆိုပါတယ်။ 

ခင်လှိုင်ကတော့ သူ့ရဲ့ အလုပ်တွေမှာ စိတ်ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်ခွင့်ရတာဟာ ဇနီးချောလေးရဲ့ ပံ့ပိုးမှုတွေကြောင့်လို့ ဆိုပါတယ်။ မိသားစုကို ထိန်းထိန်းသိမ်းသိမ်း အုပ်ချုပ်နိုင်တဲ့သူဖြစ်တာကြောင့်လည်း နောက်ပြန်လှည့်ကြည့်စရာမလိုအောင်ပဲလို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 



“ မိသားစု ကိစ္စက ကျွန်တော် ခေါင်းခြောက်စရာမရှိဘူး။ အားလုံးက ပျော်ပျော်ရွှင်ရွှင်၊ အဆင်ပြေပြေရှိကြတော့ ကိုယ့်အလုပ်ကိုယ် အေးအေးဆေးဆေး လုပ်လို့ရတယ်။ ဇနီးဖြစ်သူကတော့ ကျွန်တော့်ရဲ့ အလုပ်အပေါ်မှာ ၉၀ ရာခိုင်နှုန်းကျော်အောင် ပံ့ပိုးပေးပါတယ်။ ပိုက်ဆံတွေ အကုန် သိမ်း၊ သိမ်းသွားတာကလွဲရင် ကျန်တာ အဆင်ပြေပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညက Player ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Khin Hlaing

ခင်လှိုင် နဲ့ အတူ နေရဲ နဲ့ သဇင်ထူးမြင်တို့တွေဟာ အနုပညာကြေးရတဲ့ပိုက်ဆံတွေကိုလည်း မငယ်လေးဆီပဲ အကုန်အပ်ကြရတယ်လို့ ခင်လှိုင်က ပြောပါတယ်။ ဒါကြောင့် သူဖတ်ဖူးတဲ့ သတင်းလေး တစ်ပုဒ်နဲ့ ဇနီးချောကို စနောက်ခဲ့ပါသေးတယ်။ 

“ ကျွန်တော် သတင်းတစ်ခုဖတ်ရတယ် မိန်းမကို ဈေးဖိုးပဲ ပေးတဲ့ ယောကျ်ားကို ဖမ်းတယ်ဆိုတော့ ကျွန်တော်တို့ဆီက ပိုက်ဆံတွေ အကုန်ယူသွားပြီး ပြန်မပေးတဲ့ မိန်းမကိုကြတော့ မဖမ်းဘူးလားပေါ့။ မိန်းမက အရင်တုန်းက ယဉ်ကျေးမှုမှာ မင်းသမီးလုပ်ခဲ့တယ်လေ။ ကျွန်တော်နဲ့ ယူပြီးသွားတော့မှ အလုပ်မလုပ်တော့တာ။ ယောကျ်ားကို ခိုင်းလို့ရမှန်းသိသွားလို့ဖြစ်မှာပေါ့လေ” ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။ 

Photo: Khin Hlaing

ခင်လှိုင် ဟာ အလုပ်နဲ့ ပတ်သက်လာရင်လည်း ဇနီးဖြစ်သူ မငယ်လေးက ရာနှုန်းပြည့် အားကိုးရတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ မိန်းမကို အိမ်အလုပ်တွေ မလုပ်ခိုင်းဘူးလို့လည်း သူက ဆိုပါတယ်။ 

“ သူကတော့ ကျွန်တော့်ရဲ့ အလုပ်တွေပေါ်မှာ မန်နေဂျာ တစ်ပိုင်းပေါ့နော်။ ထိန်းသိမ်းပေးတာတွေ ပံ့ပိုးပေးတာတွေ အဆင်ပြေတယ်။ အိမ်အလုပ်ကိစ္စတွေလည်း သူလုပ်စရာမလိုပါဘူး။ အိမ်က အစ်မက လုပ်ပေးတယ်။ မှတ်မှတ်ရရ ကျွန်တော်တို့ သမီးရည်းစားဘဝတုန်းက ပွဲသွားကြည့်တော့ သူက ၅ ဆင့်ချိုင့်နဲ့ လက်ဖက်တွေရော၊ ထမင်းတွေရော ထည့်လာတယ်။ လက်ဖက်လေး မြည်းလိုက်တဲ့အချိန်မှာ ငယ်လေးလို့ မင်းလက်ဖက်က နနွင်းစော်နံတယ်နော်လို့ပြောတော့ သူဘာပြောတယ်ထင်လဲ လက်ဖက်ထဲ နနွင်းမထည့်ရဘူးလားတဲ့” ဆိုပြီးတော့ သူက ပြောပါတယ်။ 

Photo: Khin Hlaing

ခင်လှိုင်ဟာ သရုပ်ဆောင်နေရဲ၊ သရုပ်ဆောင် သဇင်ထူးမြင့်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။ အနုပညာသက်တမ်းလည်း နှစ်ပေါင်း ၃၀ နီးပါး ရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က