ကိုယ်ဝန်က (၅)လရှိပါပြီ။

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာက အာမခံ မရခဲ့တဲ့ ဇနီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ 

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတိုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ သြဂုတ်လ(၁၂)ရက်က မြောက်ဥက္ကလာတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ ဇနီးဖြစ်သူအတွက် အာမခံ လျှောက်ထားခဲ့ပေမယ့် အာမခံမရခဲ့တဲ့အပေါ် သူ့ရဲ့ သဘောထားကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။ 



“သမီးနဲ့ သားလည်း အပြင်မှာ ဒုက္ခရောက်နေတာဆိုတော့ မိန်းမအတွက် အာမခံလျှောက်ထားတာ အခုချိန်ထိ အာမခံ မရပါဘူး။ အာမခံကိစ္စကို ပယ်လိုက်တဲ့ အချိန်မှာ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ မိသားစုက ကျွန်တော့်ကို မှီခိုနေရတာဆိုတော့ စိတ်မကောင်းဘူး။ ကျွန်တော် မရှိလည်း မိန်းမရှိနေမှ ဖြစ်မှာလေ။ သားနဲ့ သမီးရဲ့ စားဝတ်နေရေး၊ ကျောင်းသွားဖို့တွေကလည်း အဲဒါတွေ အဆင်ပြေမှ ရမှာပါ။ ကိုယ်ဝန်နဲ့ကျတော့ အထဲမှာနေရတာ အဆင်မပြေဘူး” ဒီနေ့ သြဂုတ်လ(၁၂) ရက်နေ့ ရုံးချိန်း အပြီး အချုပ်ကားပေါ် ကနေ ပြောခဲ့တာဖြစ်ပါတယ်။ 

ဒီနေ့ ရုံးချိန်းမှာလည်း တရားလိုဘက်က ရုံးချိန်းတက်ရောက်မလာပြန်ဘူးလို့ မင်းရာဇာက ဆိုပါတယ်။ သူ့အနေနဲ့ အမှန်တရားကို အမြန်ဆုံး ဖြေရှင်းသင့်နေပြီလို့လည်း ပြောခဲ့ပါသေးတယ်။ 

“ သားက သိပ်နေမကောင်းဘူး။ သမီးလေးကတော့ လွမ်းဖျား ဖျားနေတယ်။ ဒီတစ်ပတ်မှာလည်း တရားလို မလာဘူးဗျာ။ သူတို့ အိမ်တွေဘာတွေ ပြောင်းသွားတယ်လို့တော့ ကြားတယ်။ ဘယ်လိုဖြစ်တာလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ အမှန်အတိုင်းဖြေရှင်းဖို့ သင့်ပါတယ်။အခုဆို ကျွန်တော့် မိန်းမရဲ့ ကိုယ်ဝန်ကလည်း အခုဆို (၅) လရှိပြီ သမီးနဲ့ အတူမရှိတာ ၆ လထဲရောက်နေပါပြီ။” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

သရုပ်ဆောင်မင်းရာဇာဟာ ဇူလိုင်လ(၂၂) ရက်နေ့ ရုံးချိန်းတုန်းက တရားလို မိန်းကလေးရဲ့ နာမည်အရင်းကို မီဒီယာတွေ အရှေ့မှာ ထုတ်ဖော်ပြောပြခဲ့ ပါသေးတယ်။ အဲဒီလို ထုတ်ဖော်ပြောဆိုလာတဲ့ အတွက် ၂၀၁၉ ခုနှစ် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ တရားလိုဘက်က ရှေ့နေ ဦးရောဘတ်စန်းအောင်က Duwun ကို ပြောပြခဲ့ဖူးပါတယ်။ မြောက်ဥက္ကလာတရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းတွေမှာ မင်းရာဇာ ဖြေဆိုခဲ့တဲ့ စကားတိုင်းကို တရားလိုဘက်က မှတ်တမ်းတင်ထားတယ်လို့လည်း သိရပါတယ်။ 

အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးက တရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရရှိခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က